Tuesday, 1 March 2011 0 comments By: machitthu

“တုနှိုင်းမဲ့ မိဘမေတ္တာ”

မိဘရဲ့မေတ္တာကို…
ကောင်းကင်က လမင်းကြီးနဲ့ မနှိုင်းပါနဲ့
မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။
လမင်းကြီးမှာ လသာရက် လမိုက်ရက်ဆိုတာ ရှိပေမယ့်
မိဘနှစ်ပါးမှာတော့…
မေတ္တာကင်းတဲ့ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို…
တောတောင် လျှိုမြှောင်ကြားက စမ်းရေနဲ့ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့ မတူနိုင်ပါဘူး။
စမ်းရေဟာ တစ်ခါတစ်ရံမှာ ခမ်းခြောက်သွားတတ်ပေမယ့်
မိဘနှစ်ပါးရဲ့ မေတ္တာတွေကတော့…
ဘယ်တော့မှ ခြောက်ခမ်းမသွားနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို…
သိပ်လှတဲ့ ပန်းပွင့်လေးတွေနဲ့လဲ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့လဲ မတူနိုင်ပါဘူး။
ပန်းတွေဟာ မကြာမီမှာ နွမ်းခြောက်သွားတတ်ကြပေမယ့်
မိဘရဲ့ ရင်တွင်းက မေတ္တာပန်းပွင့်တွေကတော့
ဘယ်တော့မှ နွမ်းခြောက်မသွားနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို…
သိပ်လုံခြုံတဲ့ အိမ်လေးတွေနဲ့လဲ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ အိမ်လေးတွေနဲ့လဲ မတူနိုင်ပါဘူး။
အိမ်လေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ
အိုမင်းယိုင်နဲ့သွားတတ်ကြပေမယ့်
မိဘနှစ်ပါးရဲ့ မေတ္တာတရားတွေကတော့
ဘယ်တော့မှ ဘယ်တော့မှ အိုမင်းမသွားကြလို့ပါပဲ။

မိဘမေတ္တာ

တသွင်သွင် စီးဆင်းနေတဲ့
စမ်းရေပမာ ကြည်လင်
သောက်သုံးသူ၏ စိတ်နှလုံးကို
အေးမြလန်းဆန်းစေသည်ကာ
သူတို့မေတ္တာ ဖြစ်ပေသည်။


ရုပ်ရည်ကွဲပြား စိတ်ထားမတူညီ
အသားအရောင်ကွဲပြား အလွာချင်းလည်း မတူညီပါ
သို့သော်ညားလည်း
နို့စက်များပမာ ထွက်လာသော
သူတို့များ၏ မေတ္တာများ၏ဖြူစင်ခြင်း
တူညီလှပါ၏။

စမိုင်းမေ

မိဘမေတ္တာ...

(၁) ရာထောင်ကုဋေ သင်္ချေမက
အေးမြလှသည့် မိဘမေတ္တာ စန်းသီတာကြောင့်
ရင်မှာသောက ကင်းစင်ပလျှက်
ချမ်းမြနှလုံး ရွှင်ကြည်ပြုံး၏။


(၂) မိဘမေတ္တာ စန်းရေပြာကြောင့်
ရင်မှာဒေါသ ပြေလျော့ကျ၍
စန်းတလနှန်း ရွှင်ကြည်ပြုံး၏။
(၃) မိဘမေတ္တာ စန်းရေသာကြောင့်
ရင်နှစ်မျက်ရှု့ သားရွှေဥ
ဗဟုသုတ ပညာရ၍
ဘဝတန်ခွန် လူရည်ချွန်၏။


(၄) မိဘနှစ်ဖြာ ထူးမေတ္တာကြောင့်
မိဘချစ်သား ကျင့်ကြံပွား၍
ပညာပြည့်ဝ နှလုံးနှလျှက်
လောကအလယ် ဂုဏ်တင့်တယ်၏။
(၄) မိဘမေတ္တာ စေတနာကြောင့်
သည်းချာသားလှ ထက်တန်းကျ၍
လူဘုံအလယ် ဂုဏ်မြင့်ကြွယ်၏။
(၅) မိဘမေတ္တာ အကျင်နာကြောင့်
သည်းချာပုတ္တ စိတ်ထားလှ၍
ရွှင်ပြနှလှံး ပီတိဖုံး၏။
(၆) နှိင်းမဲ့ကမ္ဘာ မိဘနှစ်ဖြာ ရွှေမေတ္တာကြောင့်
အရိုင်းကြမ္မာ လှိုင်းပမာ
ဝိုင်းကာကြုံပြန် လောကဓံကို
တွန်းလှန်ကျော်လွှား ခေါင်းကားမငိုက်
စရိုက်မပြောင်း အကျင့်ကောင်းဖြင့်
ဘက်စုံဝိုင်းနှံ ဒေါသမာန်လည်း
သည်းခံခွင့်လွှတ်နိုင်ခဲ့ပါ၏။
(၇) သြော်…မိဘမေတ္တာ စန်းရေပြာက
တရွာတကျေး အနေဝေးလည်း
သားလေးကျန်းမာ စိတ်ချမ်းသာရေး
မေတ္တာထွေးယှက် ပေးပို့လျှက်ပင် ထာဝစဉ်။
(၈) သြော်… မိဘမေတ္တာ စန်းသီတာ
မိဘမေတ္တာ စန်းရေပြာ
မိဘမေတ္တာ အကျင်နာ
ဘယ်ခါခန်းခြောက်နိုင်ပါအံ့နည်း။
(၉) မိဘမေတ္တာ နှိုင်းဖွယ်ရာ
ဒီကမ္ဘာမှာ ဘယ်မှာ ရှိနိုင်ပါအံ့နည်း။
(၁၀) မိဘမေတ္တာ ရတနာ
ဒီကမ္ဘာမှာ ဘယ်မှာ အစားထိုးနိုင်ပါအံ့နည်း။
(၁၁) သြော်…မပြယ်ချစ်ကြွေး ရစ်နှောင်ထွေးဖက်
ပုခုံးထက်ဝယ် တင်လျှက်လုပ်ကျွေး
ပြုစုပေးလည်း တင်ခဲ့ကျေးဇူး
မြင့်မိုရ်ဦးကို အထူးပင်ဆပ်၍
မကုန်နိုင်ပါပေတကား။


(၁၂) ကြင်ကြင်နာနာ မေတ္တာထွေးဖက်
တွယ်တာယှက်သန်း မေတ္တာလမ်းသို့
ဖြောင့်တန်းမတ်စွာ လှမ်းလိုပါ၏။


စိတ်လက်ပျော်ရွှင် ရွှေရင်ခွင်ဖြင့်
နေ့စဉ်ဦးခိုက် ရှိခိုးလိုက်ပါ၏။


(မေ့သားလှ-ဇလဂ္ဂ)

မိဘမေတ္တာသားလိမ္မာ


သာဝတ္ထိပြည် သာဝတ္ထိမြို့မှာ အသပြာရှစ်သိန်း ချမ်းသာတဲ့ ပုဏ္ဏားလင်မယား ရှိပါတယ်။ သူတို့မှာ သားလေးယောက် ဖွားမြင်ပါတယ်။ အချိန်တန် အရွယ်ရောက်တော့ သားတစ်ဦးစီကို မိဘတို့ ၀တ္တရားနဲ့အညီ ငွေအသပြာ တစ်သိန်းစီ ပေးပြီးအိမ်ထောင် ရက်သားချ ပေးလိုက်တယ်။ ဒီလိုနဲ့ တစ်နေ့ ပုဏ္ဏားမ ကွယ်လွန်သွား တဲ့အခါ ပုဏ္ဏားကြီးမှာ ငွေအသြာ လေးသိန်းနဲ့ တစ်ဦးတည်း ကျန်နေခဲ့တယ်။ ဒီအခါမှာ သားလေးယောက်နဲ့ ချွေးမလေးယောက်က ငါတို့အဖေက အထီးကျန်နေပြီ သူသာနောက်မိန်းမ ထပ်ယူရင် အခုကျန်နေတဲ့ ငွေအသပြာ လေးသိန်း ငါတို့ရမှာ မဟုတ်ဘူး ၊ အဖေကို အခုလိုသေးမရှိ ပြုစုလုပ်ကျွေးရင် ဒီအသပြာတွေ ရနိုင်တယ်ဆိုပြီး တိုင်ပင်ပြီး ပုဏ္ဏားကြီးကို လုပ်ကျွေးကြပါတယ်။ စိတ်ထဲက မိဘကျေးဇူးကို သိတတ်လို့ ပြုစုတာ မဟုတ်ဘဲ ပုဏ္ဏားကြီးဧ။် အသပြာ မျက်နှာကြောင့်သာ လုပ်ကျွေးကြတာပါ။

ဒီလိုနဲ့ ပုဏ္ဏားကြီး ယုံလောက်တဲ့ တစ်နေ့မှာ သားတွေက ပြောပါတယ်။ အဖေ.. အဖေက အသက်ကြီးပြီ စီးပွားရေးလဲ မလုပ်နိုင်တော့ဘူး။ အဖေကိုလည်း တစ်ယောက်ထဲ ထားရတာ စိတ်မချဘူး၊ ဒီတော့ သားလောက်အိမ်မှာ တယောက်တလှည့် လိုက်နေပါ။ အဖေပိုင်တဲ့ အသပြာ လေးသိန်းကိုလဲ သားတို့ စီးအပွားအတွက် ခွဲဝေပေးပါလို့ ဖခင်ပုဏ္ဏားဆီမှာ အမွေတောင်းပါတယ်။ ပုဏ္ဏားကြီးကလည်း အော်..ငါ့သားတွေချွေးမတွေက တော်လိုက်၊လိမ္မာလိုက်တာ။ င့ါအပေါ်မှာလဲ အင်မတန် လိမ္မာရေးခြားရှိပြီး ပြုစုကြတယ် ဆိုပြီးသူ့မှာ ကျန်နေတဲ့ ငွေလေးသိန်းကို တစ်ယောက် တစ်သိန်းစီ သားလေး ယောက်ကို ခွဲဝေပေးပါတယ်။ ပုဏ္ဏားလည်းပဲ သားတွေအိမ်မှာ လိုက်နေပါတယ်။

အမွေတွေရပြီး တစ်လလောက် ကြာတော့ သားကြီးကဆူပူ ချွေးမက ငြူစူတော့ သားလတ်အိမ်ကို သွားနေခဲ့ပါတယ်။ သားလတ်ကဆူပူ မိန်းမက ငြူစူပြန်တော့ နောက်သားတစ်ယောက် အိမ်ကိုပြောင်းနေရ ပြန်ပါတယ်။ နေစရာ အားကိုးစရာ မရှိတော့ ဆွေမျိုးတွေကလည်း လက်မခံ ကြပြန်ဘူး။ ဒီလိုနဲ့ အိမ်အဆင့်ဆင့် ပြောင်းပြီးနေ ခဲ့ရာမှာ နောက်ဆုံး အားကိုးစရာ နေစရာ မရှိတော့ ပုဏ္ဏားအဖိုးအိုကြီး လေလွင့်ပြီး မြို့တကာ ရွာတကာ မှာတောင်းရမ်း စားသောက်ပြီး နေခဲ့ရပါတယ်။

တစ်နေ့မှာ ပုဏ္ဏားကြီး စဉ်းစားတယ်။ သာဝတ္ထိမြို့မှာ လူတွေကို ကြင်နာသနားတတ်၊ အားကိုးစရာ ပေးတတ်တဲ့ ရဟန်းဂေါတမ ရှိတာပဲ။ ငါလည်း အားကိုးစရာများ ရလိုရငြား သွားဦးမှပဲ လို့ဆိုပြီး မြတ်စွာဘုရားထံ ရောက်ရှိလို့ လာခဲ့ပါတယ်။ မြတ်စွာဘုရားထံ ရောက်တော့ ပုဏ္ဏားအဖိုးကြီးက သူ့ဘ၀ဇာတ်ကို ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ ဒီတော့ မြတ်စွာဘုရားက ပုဏ္ဏားကြီးကို သနားသွားပြီး ဂါထာလေးပုဒ် သင်ပေးလိုက်ပါတယ်။

ပုဏ္ဏား၊ သင် ဒီဂါထာလေးပုဒ်ကို အရဆောင်ထားပါ။ ပုဏ္ဏားပွဲလမ်းသဘင် အစည်းအဝေး ကျင်းပတဲ့အခါ ပုဏ္ဏားများစွာ တတ်ရောက်လာ ပါလိမ့်မယ်။ သင့်သားလေးယောက်လဲ ဒီအစည်းအဝေးပွဲမှာ တတ်ရောက်လာပါမယ်။ အဲဒီအခါ သင်ဒီဂါထာလေးပုဒ်ကို ပရိသတ်ရှေ့မှာ ဆိုပြလိုက်ပါလို့ ဟောကြားလိုက်ပါတယ်။ ပုဏ္ဏားလည်း အစည်းအဝေးပွဲ ရောက်ရှိလာတဲ့ အခါကြတော့ အို..ပရိသတ်အပေါင်း ပုဏ္ဏားတို့ အကျွန်ုပ် အကြောင်းကို ခဏလောက် ပြောခွင့်ပြုပါ။ အကျွန်ုပ်ကို ရဟန်းဂေါတမ သင်ပေးလိုက်တဲ့ ဂါထာလေးပုဒ်ကို ဆိုခွင့်ပြုပါလို့ ခွင့်တောင်းပြီး ဂါထာလေးပုဒ်ကို ပြောပြပါတယ်။

နံပါတ်တစ်ဂါထာရဲ့ အဓိပ္ပာယ်ကတော့ အကျွန်ုပ်မှာ သားလေးယောက် ဖွားမြင်ပါတယ်။ ဒီသားတွေကို မိဘတို့ ၀တ္ထရားနဲ့ အညီပြုစု စောင့်ရှောက် ခဲ့သော်လည်း ငါအသက်အရွယ် ကြီးလာတော့ ခွေး၊နွား၊၀က်တို့ကို နှင်ထုတ်သလို ငါ့အားမောင်းထုတ်တယ်။ ငါ့သားတွေဟာ ခွေးထက်မိုက်တဲ့ သားတွေပါတကား။

နံပါတ်နှစ် ဂါထာရဲ့ အဓိပ္ပာယ်ကတော့ ငါ့မှာအသပြာ ရှိတုန်းတော့ ငါ့အားချိုသာစွာ ဆက်ဆံတယ်။ မိဘဆီက အမွေတောင်း ပြီးတဲ့အခါကျ နောက်ထပ် ရလမ်းမမြင်တော့ ငါ့အား ငေါက်ငမ်းဆူပူ လိုက်ကြတာ ငါ့သားလေးယောက်ကို သရဲစီး ဘီလူးစီးနေတဲ့ သူများလို့တောင် ထင်မိပါတယ်။

နံပါတ်သုံး ဂါထာရဲ့ အဓိပ္ပာယ်ကတော့ အသက်အရွယ် အိုမင်းကြီးရင့်တဲ့ ငါ့အား နွားအို ကျွဲအိုကြီးတွေကို ခိုင်းမကောင်းလို့ အစာရေစာ မကျွေးဘဲ ချောင်ထိုးထားသည့် တရစ္ဆာန်လို ပစ်ထားကြပါတယ်။ အားကိုးစရာ မရှိတဲ့ ငါ့မှာ မြို့တကာ လှည့်လည်ပြီး တောင်းရမ်းစား သောက်ရတဲ့ ဘ၀ရောက် နေရပါတယ်။

နံပါတ်လေး ဂါထာရဲ့ အဓိပ္ပာယ်ကတော့ အို...ပရိတ်သတ် အပေါင်းပုဏ္ဏားတို့ ငါ့မှာ လမ်းလျှောက်လျှင် အားကိုးစရာ တောင်ဝှေးတစ်ချောင်းရှိပါတယ်။ ဤတောင်ဝှေးသည် ငါလမ်းလျှောက်လျှင် ခွေးဟောင်ခြင်း၊ နွားမောင်းခြင်း၊ချုံထဲမကျ ရောက်အောင်နှင့် ခလုတ်ကန် သင်းများကို ကူညီရှင်းလင်း ပေးပါတယ်။ ငါဧ။်ရင်မှ ပေါက်ဖွားလာသော ရင်နှင့်သည်းချာ သားလေးယောက် ရှိသော်လည်း ဖခင်ဖြစ်သူ ငါ့အပေါ်မှာ စော်ကားမိုက်ရိုင်း လိုက်ပုံများ တောင်ဝှေးလောက်တောင် အားမကိုး ရပါတကားလို့ ပုဏ္ဏား အဖိုးအိုက ပရိသတ်တွေကို ရင်ဖွင့်ပြပါတယ်။

ဒီအခါမှာ ပရိသတ်တွေက ပုဏ္ဏားကြီးကို သနားလာ ကြပါတယ်။ အဲဒီခေတ်က ဗြဟ္မဏ ၀ါဒမှာ မိဘဆီက အမွေယူပြီး ပြန်လည်မပြုစု မလုပ်ကျွေး ဘူးဆိုရင် အဲဒီသူကို သတ်တဲ့ဥပဒေ ရှိပါတယ်။ ဒီတော့ သားလေးယောက်က ပုဏ္ဏားကြီးဆီလာပြီး အဖေ သားတို့ကို ခွင့်လွတ်ပါ၊ သားတို့ မှားပါပြီလို့ မျက်ရည်စက်လက် နဲ့အသနားခံ ၀န်ချတောင်းပန် ကြပါတယ်။ သားဆိုးသမီးဆိုးတွေကို ပစ်ရိုးထုံးစံ မရှိတဲ့ မိဘဖြစ်တဲ့ ပုဏ္ဏားကြီးက မကြည့်ရက်တော့ သတ်မယ် လုပ်နေတဲ့ ပုဏ္ဏား ပရိသတ် များကိုလည်း ပုဏ္ဏားအဖိုးကြီးမှ ကျွန်ုပ်ဧ။် သားများဟာ တကြိမ်တခါ မှားကြတာမို့ ခွင့်လွတ်ပေးပါရန် တောင်းပန်ပေးပါတယ်။

ဒီအခါမှာ ပုဏ္ဏားများက အဖကို လုပ်ကျွေးပါ။ နောက်တခါ ဒီလိုမျိုး ထပ်ဖြစ်ရင် အသင်တို့ကို သတ်ရပါ လိမ့်မည်လို့ ပြောဆိုသတိ ပေးလိုက်ပါတယ်။ ဒီမှာ သားလေးယောက်က ပုဏ္ဏားအဖိုးကြီးကို အိမ်ပြန်ခေါ် သွားပါတယ်။ ရေမိုးချိုးပေး၊ အမွေးနံသာတွေ လိမ်းကျံပေးပြီး ခြေဆုပ်လက်နယ် ပြုလုပ်ပေးပါပြီး ဇနီးမယား၊ သားသမီးတွေကို ဖခင်ဖြစ်သူ ပုဏ္ဏားကြီးအား လုပ်ကျွေးပြုစုဖို့ သေသေချာချာ မှာကြားကြပါတယ်။

နေ့စဉ် သားတစ်ယောက်ဆီက ဆွမ်းအုပ်တအုပ်ပို့တော့ ဆွမ်းအုပ်လေးအုပ်နဲ့ ချမ်းသာနေတဲ့ ပုဏ္ဏားကြီးက စဉ်းစားတယ်။ ငါအခုလို စိတ်ချမ်းသာ လူချမ်းသာ ဖြစ်သာ ရဟန်းဂေါတမရဲ့ ကျေးဇူးတော် ကြောင့်ဆိုပြီး မြတ်စွာဘုရားကို ဆွမ်းအုပ်နှစ်အုပ် ဆပ်ကပ်လှူ တန်းပါတယ်။

တစ်နေ့ သားကြီးဖြစ်သူက အလှူအတန်း လုပ်ချင်တော့ ဖခင်ပုဏ္ဏားနဲ့ တိုင်ပင်တယ်။ ဒီတော့ ပုဏ္ဏားက ဗြဟ္မဏတွေကို မလှူချင်ဘူး အဖေကတော့ မြတ်စွာဘုရား ဂေါတမကိုသာ လှူချင်ပါတယ် လို့ဆိုတော့ မြတ်စွာဘုရားကို ဆွမ်းကပ်လှူဒါန်း ကြပါတယ်။ ပုဏ္ဏားက အရှင်ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ယခုတပည့်တော်ရဲ့ သားလေးယောက်ဟာ လိမ္မာသိတတ်ပြီး ပြုစုလုပ်ကျွေးခြင်းကြောင့် တပြည့်တော်ဟာ ယခုဆိုရင်ဖြင့် ချမ်းသာစွာ နေရပါတယ်လို့ ဘုရားအား လျှောက်ထားပါတယ်။

သားလေးယောက်နဲ့ ချွေးမလေးယောက်ကိုလည်း မြတ်စွာဘုရားက ချစ်သားတို့ အသင်တို့သည် မိဘကို ပြုစုလုပ်ကျွေးခြင်းဖြင့် ကောင်းမြတ်သော မင်္ဂလာအမှုကို ပြုလုပ်လေသည် ဆိုပြီး မိဘကို ပြုစုလုပ်ကျွေးတဲ့ တရားတော်ကို ဟောကြားတော် မူပြန်ပါတယ်။ နောက်ဆုံးမှာ ပုဏ္ဏားအဖိုးကြီးနဲ့ သားသမီးချွေးမတို့ အရိယာ သောတပန် ဖြစ်ကုန်ကြပါတယ်။

လောကမှာ ဘယ်နေရာ၊ ဘယ်ဒေသ ရောက်ရောက် ဘယ်အရွယ်ပဲ ရောက်ရောက် မမေ့သင့် အမေ့အပ်တဲ့ အရာငါးမျိုး ရှိပါတယ်။ အဲဒါကတော့ ဘယ်အရာနှင့်မျှ နှိုင်းယှဉ်လို့ မရတဲ့ အနန္တအနန္တ ငါးပါးဖြစ်ပါတယ်။ အဲဒီကျေးဇူးတွေကို အခါအခွင့် သင့်ရင်သင့်သလို ဆပ်ရပါမယ်။ မိဘဆရာ သမားတွေရဲ့ ဂုဏ်ကျေးဇူးဟာ နှိုင်းမရအောင် ကြီးမားလွန်းပါတယ်။ လောကမှာ ကျေးဇူးဆပ်လို့ မကျေနိုင်တာ အဖေနဲ့ အမေရဲ့ ကျေးဇူးတွေပါ။ ဘယ်သားသမီးကမျှ ကျေအောင်မဆပ် နိုင်ကြသေးပါဘူး။ ဒါကြောင့် မြတ်စွာဘုရားက မိဘကျေးဇူးကို တရားနှင့်သာ ကျေအောင်ဆပ်လို့ ရပါတယ်လို့ ဟောကြားထားပါတယ်။

သဒ္ဒါတရား၊ သီလတရား၊ ဒါနတရား၊ ပညာအရာမှာ အားနည်းနေတဲ့ မိဘတွေကို သဒ္ဒါတရား တွေရှိလာအောင် သီလတရားတွေ ရှိလာအောင်၊ ဒါနတရားတွေ ရှိလာအောင်၊ ပညာဥာဏ် အရာမှာ အားနည်းနေတဲ့ မိဘတွေကို တရားနဲ့ ဆုံဆည်းနိုင်အောင် သားသမီးတွေက စီစဉ်ဆောင်ရွက် ကျေးဇူးဆပ် ပေးသင့်ပါတယ်။

မြေးမြစ်တွေကို ထိန်းခိုင်းပြီး အိမ်မှာပဲ အချိန်ကုန် မနေစေဘဲ မိဘတွေကို ကျောင်းကန်ဘုရား သွားနိုင်လာအောင် ၊သွားချင်လာအောင်၊ တရားရှာ ရမယ့်အရွယ်မှာ တရားနဲ့ပုတီးနဲ့ နေနိုင်အောင် သားသမီးတွေက စီမံဆောင်ရွက် ပေးရင်ဖြင့် မိဘတွေကို သဒ္ဒါနဲ့ ကျေးဇူးဆပ် တယ်လို့ မြတ်စွာဘုရားက ဟောကြားပါတယ်။

ကိုယ်ကျင့်သီလ နည်းနေတဲ့ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ အမေမိဘ၊ ဥပုတ် မစောင့်နိုင်တဲ့ အမေမိဘတွေကို ဥပုတ်စောင့်နိုင်အောင် သီလတွေ လုံခြုံနိုင်အောင် စောင့်နိုင်ဖို့ သားသမီးတွေက ကျောင်းကန်ဘုရား ပို့ပေးပြီး သီလစောင့် တည်နိုင်အောင် စီမံဆောင်ရွက်ကာ သီလနှင့် ကျေးဇူးဆပ်လို့ ရပါတယ်လို့ မြတ်စွာဘုရားက ဟောကြားပါတယ်။

အသက်အရွယ် ကြီးလာတဲ့ မိဘတွေက သားသမီးကို ပြန်အားကိုး ရပါတယ်။ ဒီတော့ သားသမီးတွေက အမေမိဘကို မပေးကမ်း ဘူးဆိုရင် မိဘတွေက လှူစရာ တန်းစရာ မရှိကြတော့ ဒါနလုပ်လို့ မရပါဘူး။ဒီတော့ သားသမီးတွေက မိဘလက်ထဲကို လှူဖို့ တန်းဖို့ အတွက် ဘယ်နေရာမှာဖြင့် ကျောင်းဆောက်နေပါတယ် ဘယ်နေရာမှာဖြင့် ဘုရားတည် နေပါတယ် ဆိုပြီး အမေ အဖေ တို့အတွက် သံသရာ ရိက္ခာထုတ် ထုတ်ကြပါ ဆိုပြီးမိဘအတွက် နေ့စဉ်ဒါန ပြုတတ်အောင် ပြုနိုင်အောင် လှူနိုင်၊ တန်းနိုင်အေင် ပုံမှန်ကုသိုလ် ကောင်းမှုတွေ လုပ်နိုင်အောင် သားသမီးက ဆောင်ရွက်ပေးရင်ဖြင့် စာဂ(ဒါန)နှင့် ကျေးဇူးဆပ်ခြင်း ဖြစ်ပါတယ်လို့ ဟောကြားပါတယ်။


ကျောင်းကန်ဘုရား မသွားနိုင်တဲ့ မိဘ၊ တရားအားမထုတ်ရသေးတဲ့ မိဘတွေကို ကျောင်းကန်ဘုရား ပို့ပြီးတော့ အမေ၊အဖေ ဘယ်နေရာမှာ တရားပွဲ ရှိပါတယ် အမေတို့ အဖေတို့ တရားသွားနာပါ ဆိုပြီး သားသမီးတွေကသေသေချာချာ လိုက်ပို့ပေးရမယ်။ တရားစခန်းပွဲ ရှိတယ်ဆိုလျှင်လည်း မိဘတွေ အေးအေးဆေးဆေး တရားအား ထုတ်နိုင်အောင် စီမံဆောင်ရွက် ပေးရင်ဖြင့် ပညာနဲ့ ကျေးဇူးဆပ် ခြင်းဖြစ်ပါတယ် လို့ဟောကြားပါတယ်။

မိဘတွေကို သဒ္ဒါ၊သီလ၊စာဂ၊ပညာ ဆိုတဲ့လေးမျိုးနဲ့ ဆပ်ရင်ဖြင့် မိဘကျေးဇူး ကျေပါတယ်လို့ မြတ်စွာဘုရားက ဟောကြားထားတာပါ။ မိဘအသက် ရှိစဉ်မှာ ပစ်ထားကြပြီး သေသွားမှ မျက်ရည်ကျပြ မနေပါနဲ့။ အဲဒါဆို တန်ဖိုးမရှိတဲ့ သားသမီးတွေ ဖြစ်သွားပါလိမ့်မယ်။ မိဘကျေးဇူးကို မဆပ်နိုင်ရင် နေပါ၊ ကျေးဇူးတော့ မကန်းသင့်ပါ။ ဒါကြောင့် အဖကို လက်ဝဲပုခုံးပေါ်တင် အမိကို လက်ယာပုခုံးခေါ် တင်ပြီးလုပ်ကျွေး ပြုစုတာတောင် မိဘကျေးဇူးကို ကျေအောင်မဆပ်နိုင် သေးပါဘူးတဲ့။

ယူဇနာ နှစ်သိန်းလေးသောင်း ထုတည်ရှိတဲ့ မဟာပထ၀ီမြေကြီး ဘယ်လောက်ပင် ထူပါတယ် ပြောပြော မိဘဂုဏ်ကျေးဇူးနဲ့ နှိုင်းယှဉ်ရင် ၀ါးရွက်လောက်ပဲ ရှိပါတယ်။ ယူဇနာ ရှစ်သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင့်မိုရ်တောင်လည်း မိဘကျေးဇူးနှင့် နှိုင်းစာလျှင် နွားဦးချိုလောက်ပဲ ရှိပါတယ်။စကြာဠာ အနန္တ ဘယ်လောက်ပင် ကျယ်ကျယ် မိဘမေတ္တာ ကျေးဇူးများနှင့် နှိုင်းယှဉ်လျှင် အပ်နဖားပေါက် လောက်လေးပဲ ရှိပါတယ်။ ဘယ်၍ဘယ်မျှ ရှိတယ်လို့ သမုဒ္ဒရာလေးစင်းမှ စီးဆင်းတဲ့ ရေများကို တိုင်းတာလို့ မရသလိုပဲ သမုဒ္ဒရာမှာ စီးဆင်းတဲ့ ရေများကို မိဘကျေးဇူးများနှင့် နှိုင်းယှဉ်လျှင်လည်း မိုးရေစက် တစ်ပေါက်လောက်ပင် ရှိပါတယ်တဲ့။

မိဘနှစ်ဖြာ၊ရှိလေရာ
ဘယ်ခါ မမေ့အပ်
အခွင့်သင့်ကာ တတ်နိုင်ရာ
မှန်စွာကျေးဇူးဆပ်
မဆပ်နိုင်ဘူး ထားလိုက်ဦး၊
ကျေးဇူး မကန်းအပ်။
မဆပ်ခြင်းထက် ကျေးစွပ်ချက်
ဆထက်ဆိုးသည်မှတ်။

လို့ဆိုတဲ့ မိဘမေတ္တာ သားလိမ္မာ တရားတော်ကို နာကြားပြီး ပြန်လည်ရေးသား လိုက်ပါတယ်။မိဘကို လုပ်ကျွေးသော သူသည် ပစ္စုပ္ပန်မှာလည်း အသက်ရှည် ကျန်းမာပြီး သွားလေရာမှာ မျက်နှာပွင့်ပါတယ်၊ ဘေးအန္တာရယ်ဆိုးများ ကျရောက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။လူ၊နတ် ချစ်ခင်ပြီး သာဝတ္တံနတ်ပြည်က သိကြားမင်းကတောင် နေ့စဉ်ရှစ်ခိုး ရပါတယ်နော်။


လူသားတိုင်း မိဘဆီက မျှော်ကိုးပြီး ကျေးဇူးဆပ်တာ မဖြစ်စေဘဲ မိဘဧ။် ဂုဏ်ကျေးဇူးကို သိမြင်ပြီး ကျေးဇူးဆပ်နိုင်လို့ သားလိမ္မာ သမီးလိမ္မာ ဘ၀ကို ပိုင်ဆိုင်ရရှိ နိုင်ကြပါစေ။တကယ်တော့ ဒီပို့စ်လေးကို မက်မက်ရဲ့ ရင်ထဲမှာ နေ့စဉ်နေ့တိုင်း ကျရောက်နေတဲ့ အမေများနေ့ အဖေများနေ့ ကိုရည်မှန်းပြီး နာကြားခဲ့ရတဲ့ တရားတော်ကို ပြန်လည်ရေးသား ပေးလိုက်တာပါ။

အိပ်မက်ချစ်သူ ဘလော့မှ ...

မိဘကျေးဇူး ကာရံ

ဒုက္ခနဲ့ပြဿနာ
တွေ့လာကြုံခါတိုင်း
အပြုံးမပျက်
မေတ္တာစွက်လို့
ဖေးမစာနာ
ညှာတာယုယ
ချစ်ခင်ကြတဲ့
တို့မိဘ…………………….။

ပြဿနာပေါင်းစုံ
ခေါင်းတွေအုံလဲ
သားနဲ့သမီးတွက်…..
ပူပန်တတ်သေး
နောင်ရှေ့ရေးမျှော်
အမြဲမပျက်
ဆုတောင်းတတ်တယ်…..။

တောင်းပလုံးဆိုး..ပစ်ရိုးထုံးစံ
ရှိရိုးမှန်လဲ……သူ့ရင်ထဲမှာ
သားနဲ့သမီး…..ရှုမငြီးကို
ဘယ်လောက်ဆိုးဆိုး
မေတ္တာမိုးစက်……..
စဉ်ဖျန်းပက်လို့
ခွင့်လွတ်တတ်တယ်……။

သားသမီးမှားလို့
မျက်နှာတို့ငယ်….
ရှက်ဖွယ်လိလိ…..ရှိတာသိလဲ
မျက်နှာနှာပူပူ…….အရည်ထူလို့
တို့သား..တို့သမီး……ဒါပဲအရေးကြီးတယ်……။

ဘယ်သူပြောပြော….
မောရင်မောပါစေ…
အဓိကချက်
သားသမီးတွက်နဲ့
မေတ္တာဓာတ်ကူး
သူကြည်နူးတယ်
ဖေ….မေ…ရယ်…………..။

ကျေးဇူးကြီးလှ မိနှင့်ဖ

* မမြင်ခင်က၊ ရှုမ၀တည့်

မြင်ရသောခါ၊ ရတနာတည့်
ငယ်ခါသော် သား၊ ကြီးသော် အားတည့်
မြင့်မားရည်မျှော်၊ တော်ထက်တော်တည့်
လူမော်လူချွန်၊ ဖြစ်ထွန်းရန်တွက်
ကြိမ်ဖန်ဆုံးမ၊ သွန်သင်ပြသည်
မိဘကျေးဇူး မြင်းမိုရ်ဦး။

* ပညာကိုသင်၊ ကျောင်းကိုခင်အောင်
စာသင်မပျင်း၊ ဖျင်းညံ့ကင်းအောင်
ပေါင်းသင်းဆက်ဆံ၊ စိတ်ဓာတ်မှန်အောင်
ကိုယ်ခန္ဓာကျန်း၊ သန်မာစွမ်းအောင်
စိတ်ဝမ်းနှလုံး၊ သူတော်ထုံးကို
ပြုံးရင်းဆုံးမ၊ သွန်သင်ပြသည်
မိဘကျေးဇူး မြင်းမိုရ်ဦး။

*စကားရိုင်းပျ၊ မပြောရဘူး
ဒေါသမျက်မာန်၊ မခက်ထန်ဘူး
ဆူညံဟိန်းဟောက်၊ မခြိမ်းခြောက်ဘူး
စိတ်ဓာတ်ညင်သာ၊ နှုတ်ချိုသာလျက်
ကြင်နာဆုံးမ၊ သွန်သင်ပြသည်
မိဘကျေးဇူး မြင်းမိုရ်ဦး။

* သတ္တိဗျတ္တိ၊ စွမ်းရည်ပြည့်ဖို့
တတ်သိကျွမ်းကျင်၊ လူရာဝင်ဖို့
လျင်မြန်ဖျတ်လတ်၊ ကူညီတတ်ဖို့
စိတ်ဓာတ်တည်ကြည်၊ ယောက်ျားပီဖို့
နားလည်ကျင့်ကြံ၊ လိုက်နာရန်တွက်
ဖန်ဖန်ဆုံးမ၊ ညွှန်ဆုံးပြသည်
မိဘကျေးဇူး မြင်းမိုရ်ဦး။

* သြော်-
မကောင်းခွာပယ်၊ တားဆီးဖယ်လျက်
ကောင်းဖွယ်လမ်းမှန်၊ ပြကာညွှန်လျက်
တတ်ပွတ်ပညာ၊ ကိုယ်စီပါလျက်
ဥစ္စာနှီးရင်း၊ လုပ်ခွင်သွင်းလျက်
ချစ်ခြင်းမသွေ၊ လက်ထပ်စေလျက်
မိမွေဖတာ၊ ငါးဖြာမြတ်ဂုဏ်
ကျေရုံမက၊ ပိုလွန်းလှ၏။
မိဘကျေးဇူး၊ မြင်းမိုရ်ဦးကြောင့်
ဆွတ်ခူးအောင်ပန်း၊ လူ့ရပ်ဝန်းမှာ
ဆင်မြန်းကာဖြင့်၊ အခြေတင့်မှ
ကြီးစွာ့မေတ္တာ၊ မနှိုင်းသာဟု
ရင်မှာညွတ်ကိုင်း၊ တွေးမိတိုင်းလျှင်
သွင်သွင်ဦးခိုက်မိတကား...
ကြည်ညိုလေးစား ဦးညွတ်တွား။

ကိုချိုစံ

မိဘနို့ဖိုး အကုန် ကျေပါတယ်လေ…

မိဘကျေးဇူး ကြီးမားပုံကိုတော့ လူတွေ တော်တော်များများ သိပြီးသားဖြစ်မယ်လို့ ယူဆပါတယ်။ ဒီပို့စ်လေးကို ဘာလို့ရေးရလဲဆိုတော့ တချို့ လူအများစု.. လူကြီးရော လူငယ်ပါ အလွဲသိနေတဲ့ အတွေးလေး ရှင်းသွားစေချင်ပြီး မိဘကျေးဇူး အကျေဆပ်တပ်ဖို့ အတွက်ပါ။ ဘယ်လိုတွေ လွဲနေတယ်ဆိုတော့.. လူအများစု သိထားတာက မြတ်စွာဘုရားရှင်တောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ် ဆိုတဲ့ အချက်ပါ။ တော်တော်လေးကို လွဲနေတဲ့ အလွဲပါ။ တစ်ချို့က ပြောကြသေးတယ်.. အဲ့ဒါကို ဘုရားဟောဆိုပြီးတော့..။ တကယ်က မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း ဟောကြားတော်မမူခဲ့သလို အဌာကထာဆရာ၊ ဋီကာဆရာတွေကလည်း ဖွင့်ဆိုတော်မမူခဲ့ပါဘူး။ ဘုရားရှင်ဟောကြားတဲ့ ပိဋိကတ်တော်ထဲမှာ မပါတဲ့အကြောင်းအရာ တစ်ခုကို ပါသလိုလို ရေးသားပြောဆိုတာဟာ အရမ်းကို အပြစ်ကြီးပါတယ်။ ဒီအကြောင်းအရာတွေ ဖြစ်လာရတဲ့ အဓိကတရားခံတွေကတော့ ဇတ်သမားတွေနဲ့ ကွက်စိပ်ဆရာတွေပဲဖြစ်တယ်လို့ ရှေးဆရာတော်ကြီးတွေက မိန့်ဆိုတော် မူခဲ့ပါတယ်။ အမှားတွေ များများလာတဲ့အခါမှာ အမှားကိုအမှန်ထင်သွားကြစမြဲမို့.. ဒီစကားကိုလည်း အမှန်လို့ပဲ ယူဆသွားကြတာ ဖြစ်ပါလိမ့်မယ်။

ဆရာတော်ရှင်ဆန္ဓာဓိက ဆရာတော်ဘုရားက ဘယ်လိုဆုံးမသြ၀ါဒ ပေးထားသလဲဆိုတော့…။ သားသမီးတွေ အပေါ်မှာ မိဘကျေးဇူး ကြီးမားတာ မှန်ပါတယ်။ ဒါပေမယ့် မိဘမေတ္တာကို အမွှန်းတင်လွန်းချင်တဲ့ အနေနဲ့ ဘုရားရှင်တောင် မိဘကျေးဇူး ကျေအောင်မဆပ်နိုင်ဘူးလို့ ပြောလိုက်တာဟာ ဘုရားကိုစော်ကားရာ ရောက်ပါတယ်။ နောက်ပြီး.. ဘုရားကိုစော်ကားရာ ရောက်သလို တရားကိုလည်း စော်ကားရာရောက်ပါတယ် တဲ့။ ဒါ ဆရာတော်ရဲ့ ဆုံးမသြ၀ါဒ စကားလေးပါ။ ဟုတ်ပါတယ်.. တကယ်တော့ မြတ်စွာဘုရားရှင်ဟာ မိဘကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓစာပေ စစ်စစ် ပိဋိကတ်တော်မှာ အခိုင်အမာ အထင်အရှားရှိပါတယ်။

ပါဠိတော် မူရင်းကတော့- ထေရီအပဒါန ပါဠိတော်၊ စာမျက်နှာ (၂၀၉)။ ဂါထာ (၁၃၃)မှာ ဖော်ပြထားပါတယ်။ ပါဠိအနက်- မဟာမုနေ - မြတ်စွာဘုရား၊ တွံ - ရှင်တော်မြတ်ဘုရားသည်၊ မယှံ - ဘုရားတပည့်တော်အား၊ ဗန္ဓနာရက္ခနေ - ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ခြင်းကြောင့်၊ မယှံ - တပည့်တော်၏ အပေါ်၌၊ အနဏော - နို့ဖိုးကြွေးကင်းသူသည်၊ ၀ါ - နို့နှစ်လုံးဖိုးလုံးကျေအောင် မိခင်ကျေးဇူး ဆပ်ပြီးသူသည်၊ အသိ - ဖြစ်တော်မူပါပေ၏ တဲ့။

ဆိုလိုရင်း အဓိပ္ပါယ်ကတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူရဲ့မိထွေးတော် ဂေါတမီ ထေရီမကြီးကို ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ကယ်တင်ပြီး နိဗ္ဗာန်သို့ ပို့ဆောင်ပေးခဲ့တဲ့အတွက် မယ်တော့်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံးကျေအောင် ဆပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ ပါဠိစာသားဟာ မိထွေးတော် ဂေါတမီကိုယ်တိုင် ဘုရားရှင်ကို လျောက်ထားတဲ့ စကားပါ။ အဲ့လျောက်ထားချက်ကို မြတ်စွာဘုရားရှင်က ငြင်းဆန်ခြင်း လုံးဝမပြုပဲ လက်ခံတော် မူခဲ့ပါတယ်။ တကယ်လို့သာ နို့ဖိုးမကျေဘူးဆိုရင် ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ငြင်းဆန်ပြီးတော့ ငါဘုရားရှင်တောင်မှ နို့တစ်လုံးဖိုးပဲ ကျေတယ်လို့ စကားပြင်ပြောမှာပါ။ ဒါပေမယ့် အခုတော့ ဆိတ်ဆိတ်နေပြီး လက်ခံခဲ့ပါတယ်။ ဒါ့ကြောင့် ဘုရားရှင်ဟာ မိဘကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်တယ်ဆိုတာ သေချာသွားတာပါ။

ဒါဆို.. ဘာလို့ နို့ဖိုးကျေသွားတယ်ဆိုတာလေး တစ်ချက်လောက် စဉ်းစားကြည့်ရအောင်…။ မိဘတွေရဲ့ မေတ္တာကို အထင်သေးတဲ့သဘောမျိုးနဲ့ ပြောဆိုတာ မဟုတ်ပါဘူး။ တကယ်တော့.. သားသမီးတွေ အပေါ်မှာထားတဲ့ မိဘတွေရဲ့ မေတ္တာတော်ဟာ တန်ခိုး အနန္တပါပဲ။ ဒါပေမယ့် မိဘတွေ တိုက်ကျွေးတဲ့ လောကနို့ရည်ဟာ တဒင်္ဂ နို့ဆာတဲ့ တဏှာကိုပဲ ပယ်ဖျောက် ပေးနိုင်သလို.. တစ်ဘ၀တာအသက်ရှင်ဖို့ အတွက်ပဲ အထောက်အပန့် ဖြစ်ပါတယ်။ မိခင်နို့ရည်လို့ခေါ်တဲ့ လောကနို့ရည်ဟာ အဆင်း အသံ အနံ့ အရသာ အထိအတွေဆိုတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ဆာလောင်မွတ်သိပ်တဲ့ တဏှာကိုတော့ ဘယ်လိုနည်းနဲ့မှ ပယ်ဖျောက် မပေးနိုင်ပါဘူး။ မြတ်စွာဘုရားရှင် ဟောကြားလိုက်တဲ့ ဓမ္မနို့ရည်ကျတော့ ဆာလောင်မွတ်သိတ်တဲ့ တဏှာအားလုံးကို အကြွင်းမဲ့ ပယ်ဖျောက် ပေးနိုင်ပါတယ်။ နောက်ပြီး ဘုရားရှင် တိုက်ကျွေးလိုက်တဲ့ ဓမ္မနို့ရည်ကြောင့် မိထွေးတော် ဂေါတမီဟာ ရဟန္တာ ဖြစ်သွားပြီး သံသရာမှ လွတ်မြောက်ကာ မအို မနာ မသေရာ အမြတ်နိဗ္ဗာန်ကို ဆိုက်ရောက်ခဲ့ရပါတယ်။ နိဗ္ဗာန်ကို ဆိုက်ရောက်သွားတယ်ဆိုတာ တကယ်တော့ ထပ်ဖန်တလဲလဲ သေနေတဲ့ နေရာကနေ မသေတဲ့နေရာကို ရောက်သွားတာပါ။ အမြဲတမ်း သေရာလမ်းကို သွားနေတဲ့ မိခင်ကို လမ်းကြောင်းပြောင်းပြီး အမြဲတမ်းမသေရာ နိဗ္ဗာန်ကို ဆိုက်ရောက်အောင် ဓမ္မနို့ရည် တိုက်ကျွေးပြီး ကျေးဇူးဆပ်လိုက်တဲ့ အတွက်လည်း ဒီတသက်တာ အသက်ရှင်ဖို့ တိုက်ကျွေးခဲ့တဲ့ နို့ဖိုးကျေးဇူး အားလုံးကျေသွားတာပါ။

နောက်တစ်ခုကတော့ ဘုရားရှင်ရဲ့ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဒေ၀ီ အပေါ်မှာရော နို့ဖိုးကျေရဲ့လားဆိုတဲ့ အချက်ပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူရဲ့ မိခင်အရင်း မယ်တော်မာယာကို ကျေးဇူးဆပ်သောအားဖြင့် မယာဒေ၀ီကနေ ဘ၀ပြောင်းသွားတဲ့ သန္တုဿိတ နတ်သားကို ၀ါတွင်းသုံးလပါတ်လုံး အဘိဓမ္မာတရား ဟောကြားရင်းဖြင့် သောတာပန် တည်သွားအောင် ဓမ္မနို့ရေ တိုက်ကျွေးခဲ့ပါတယ်။ မယ်တော်ရင်းအနေနဲ့ သောတာပန်သာ ဖြစ်သေးတဲ့အတွက် မိထွေးတော်ဂေါတမီလိုတော့ တဏှာတွေအားလုံး မကုန်ခမ်းသေးပါဘူး။ ဒါပေမယ့် သိတ်မကြာလှတော့တဲ့ အချိန်မှာတော့ တဏှာတွေ လုံးဝကုန်ခမ်းသွားတဲ့ ရဟန္တာဖြစ်ဖို့ သေချာသွားပါပြီ။ အဲဒီအတွက် ဘုရားရှင်မှာ နို့တစ်စက်ဖိုးမှ အကြွေး မကျန်တော့ပါဘူး။ နို့ဖိုးအားလုံး ကျေသွားပါပြီ။ နှစ်နဲ့ချီပြီး နို့စို့ခဲ့တဲ့ မိထွေးတော် ဂေါတမီ အပေါ်မှာတောင် နို့ဖိုးအကြွေးမရှိဘူးဆိုမှတော့ ခုနှစ်ရက်ပဲ စို့ခဲ့တဲ့ မယ်တော်မာယာဒေ၀ီ အပေါ်မှာ နို့ဖိုးကြွေး တစ်စက်မှ မကျန်တာတော့ ယုံမှားသံသယ ဖြစ်စရာ မရှိတော့ပါဘူး။ နို့ဖိုးအားလုံး ကျေတယ်ဆိုတာ သေချာသွားပါပြီ။

ဒီနို့ဖိုးကျေတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြရတဲ့အကြောင်းအရင်းကတော့ လူတော်တော်များများက ဘုရားရှင်တောင် နို့ဖိုးကျေအောင် မဆပ်နိုင်ဘူးဆိုပြီး လွဲနေကြလို့ပါ။ ဘုရားရှင်က သူကိုယ်တိုင် မိဘကျေးဇူးကျေအောင် ဆပ်ပြီးမှ ပရိနိဗ္ဗာန်ပြုသွားခဲ့တာပါ။ မိဘကျေးဇူးကြီးမားပုံနဲ့ ကျေအောင်ဆပ်တတ်ဖို့ကိုလည်း ဘုရားရှင်ကိုယ်တော်တိုင် ဟောပြ ဆုံးမသွားခဲ့တာပါ။ မိဘကျေးဇူးကြီးမားပုံကို သတ္တ၀ါတွေအားလုံး နားလည်ဖို့အတွက် (၇)ရက်သာ နို့ချို့တိုက်ကျွေးခဲ့တဲ့ မယ်တော်မာယာဒေ၀ီမှ ဘ၀ပြောင်းသွားတဲ့ သန္တုဿိတနတ်သားကို ၀ါတွင်းသုံးလပါတ်လုံး အဘိဓမ္မာတရားဟောပြီး ကျေးဇူးဆပ်ပြခဲ့ပါတယ်။ ဒါ ဘာကြောင့်လည်းဆိုတော့… ဘုရားဖြစ်ပြီးတာတောင်မှ မိဘကျေးဇူးကို တန်ဖိုးထားပြီး အကျေဆပ်တယ်ဆိုတာ.. မိဘကျေးဇူးဆပ်တဲ့ အခါမှာလည်း တရားနဲ့သာ ကျေးဇူးဆပ်မှ ကျေတယ်ဆိုတာ.. နောက်ပြီး.. မိဘကျေးဇူးကို ဘယ်အခြေအနေ ရောက်ရောက် ဘယ်အနေအထားမှာပဲ ရောက်ရောက် မမေ့မလျော့ ကျေးဇူးဆပ်ဖြစ်အောင် ဆပ်ဖို့.. လိုအပ်တယ်ဆိုတာ သတ္တ၀ါတွေအားလုံး သိစေချင်တဲ့အတွက်ကြောင့် ဘုရားရှင်ဟာ သူကိုယ်တိုင် ကျေးဇူးကျေအောင် ဆပ်ပြသွားခဲ့တာပါ။

ဒီလိုဆိုရင်.. ဘုရားရှင်ဟာ မိဘကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင်ဆပ်သွားတယ်ဆိုတာ အခိုင်အမာ လက်ခံလောက်ပြီလို့ ထင်ပါတယ်။ မရှင်းမလင်းတာများ ရှိခဲ့လျှင်လည်း ဆွေးနွေးမေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်။ မိဘကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ကျေဇူးဆပ်ပြသွားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုလည်း ဤနေရာမှ လက်အုပ်ချီမိုး၍ ရှိခိုးကန်တော့ လိုက်ပါတယ်…။ ဘုရားရှင်ကဲ့သို့ နို့နှစ်လုံးဖိုးလုံး ကျေအောင် ကျေဇူးဆပ်နိုင်သော သူတော်ကောင်း သူမြတ်လောင်းများ ဖြစ်ကြပါစေလို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။

အရှင်ဆန္ဒာဓိက၏ မိဘကျေးဇူး




မိဘကျေးဇူး


မိကိုညာက ဖ ကို လက်ဝဲ ကိုင်စွဲချီလျှက်

ပခုံးထက်ဝယ် အသက်ဆုံးအောင် မြတ်နိုးဆောင်၍

အခေါင်အဖြား လုပ်ကျွေးငြားလည်း

မွေးဖွားပိုက်ကျူး ရှေးတင်ဖူးသည်

ကျေးဇူးလှယ်ပြိုင် မဆပ်နိုင်ခဲ့...။

မိဘကျေးဇူး ဆပ်စေလို

လောကကြီးမှာ ကိုယ့်အပေါ်ကို အကောင်းနိုင်ဆုံးက မိဘ လေ။ မိဘကို မသေခင်ကျွေးပါ သေမှ ငို မနေပါနဲ့ ဆိုတာ အရမ်းမှန်တာပဲ။ ဖခင် တယောက်လုံး သေဆုံးသွားမှ သေခြင်းတရားကို သဘောပေါက်မိတယ်။ သေမယ်ဆိုတာ ကြိုသိခဲ့ရင် ဆိုးမိုက်ခဲ့မှာ မဟုတ်ပါဘူး။ လူတိုင်း ဘယ်သူအရင် သေမယ်။ ဘယ် အချိန်မှာ သေမယ်။ ဘယ်နေရာမှာ သေမယ်။ ဘာကြောင့် သေမယ် ဆိုတာ ဘယ်သူမှ ကြို မသိနိုင်ကြပါဘူး။ လောကကြီးမှာ မိဘကျေးဇူး မဆပ်နိုင်သေးရင် နေပါ ကျေးဇူး မကန်း ကြရင် တော်တော်ကောင်းနေပါပြီ။ ကျေးဇူးကန်းမိလို့ မိဘ မရှိတော့မှ နောင်တ ရ နေရင် ကိုယ့် ဘ၀ တခုလုံး အညွန့်ကျိုးသွားပါပြီ။ လောကကြီးမှာ အစားထိုးလို့ မရနိုင်တာ မိဘလေ။ ကျန်တာတွေက အစားထိုးလို့ရပါတယ်။ မိဘနဲ့ ပတ်သက်တဲ့ ကုသိုလ်လေးတွေကို သံသရာအထိ သယ် မသွား ပဲ ဘ၀ ကို နောင်တ မရှိ ဖြတ်သန်းစေချင်ပါတယ်။ လူတိုင်း မိဘကျေးဇူး ဆပ်နိုင်တဲ့ သားကောင်းရတနာ၊ သမီးကောင်းရတနာ တွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။

မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေအောင် ဆပ်ကြပါ…

မိဘတို့၏ကျေးဇူးတရားကို ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ် တောင်နှင့် ဥပမာကပ် ဂုဏ်နှိုင်းအပ်လည်း ဤမျှမြင့်ဆို ထိုမြင်းမိုရ်မှာ နွားချိုခန့်သာရှိတော့ သည်ဟု ဗုဒ္ဓမြတ်ဘုရား ဟောကြားခဲ့၏။ မိဘများသည် ဗြဟ္မာအလား စိတ်ထားပိုင်ရှင်များ လည်းဖြစ်ကြသည်။။ ကိုယ်ဝန်တည်ရာ ရှိလာသောအခါ ရောဂါကင်းပါစေ၊ အင်္ဂါခြေလက် ပြည့်စုံပါစေဟု သန္ဓေသားအား မေတ္တာပို့၏။ မွေးဖွားလာလို့ ငိုသံကြားကလည်း ကရုဏာ တရား ဖြစ်ပွားကြ၏။ သားသမီးများ လမ်းလျှောက်ပြေးလွှား ကစားကြ၍ ထိုထိုအတတ် မွန်မြတ်သည့်ပုံ တွေ့ကြုံပြန်တော့ မုဒိတာတရား ဖြစ်ပွားကြ၏။ ကိုယ့်ခြေကိုယ့်လက် မားမား ရပ်၍ အိမ်ယာခွဲကာ စီးပွားရှာနိုင်လို့ မိဘအကူ မယူရဘဲ နေသည့်အခါကျပြန်တော့လည်း သားသမီးတို့အပေါ်၌ ဥပေက္ခာတရား ပွားများကြသည့် မိဘတို့၏ ကျေးဇူးမှာကား လွန်စွာ များပြား ကြီးမားလှပါသည်။


မိဘတို့၌ ဆပ်လို့မကုန်နိုင်သော ဂုဏ်တော်များ ရှိသောကြောင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ အဖြစ် အမြဲဂါရ၀ ရိုသေကြရမည်ဖြစ်သည်။ မိဘမေတ္တာ သီတာရေစင်ပမာ အေးမြသည်သာ ဖြစ်သောကြောင့် သားသမီးတို့အတွက်ဆိုလျှင် အဆန်မရှိ အစုန်သာလျှင်ရှိသော မေတ္တာရှင် များဖြစ်ကြသည်။ ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်မှ အစပြု၍ လူဖြစ်အောင် ကျွေးမွေးခဲ့ ကြပြီးလျှင် ငါးအင်သောဝတ္တရား မပျက်ပြားရအောင်လည်း ဆောင်ရွက်ပေးခဲ့ကြသည်။ လူဘုံ အလယ် ဂုဏ်အငယ်ဘို့ ပညာရည်နို့ သောက်စို့နိုင်ရန်လည်း မိဘတို့ကပဲ ဆောင်ရွက်ပေး ခဲ့ကြသည်။ “တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိသည်၊ သားဆိုးသမီးဆိုးကိုတော့ ပစ်ရိုး ထုံးစံမရှိ”သည့်မိဘများပင် မဟုတ်ပါလော။

အနန္တကျေးဇူးရှင် ထိုမိခင်ဖခင်တို့၏ ကျေးဇူးတရားကို ဘယ်သောအခါမှ မမေ့အပ်။ အခွင့်သင့် တိုင်း မိမိတတ်နိုင်သမျှ မှန်စွာကျေးဇူးဆပ်ရပါမည်။ မဆပ်နိုင်ဘူး ထားလိုက်ဦး၊ ကျေးဇူး မကန်းမိဘို့ အရေးကြီးသည်။ ကျေးဇူးကန်းမိလျှင် ယခုဘ၀မှာတင် ဒုက္ခပင်လယ်ဝေကြရမည့် အပြင် မဂ်ဖိုလ်မှလည်း ဖီလာဖြစ်သွားနိုင်ပေသည်။ မိဘနှစ်ပါးက သားသမီးဆယ်ကိုးယောက် ကို ကျွေးမွေးထားနိုင်သော်လည်း သားသမီးဆယ်ကိုးယောက်က မိဘနှစ်ပါးကို မကျွေးမွေးနိုင် သည်မှာ အဘယ့်ကြောင့်နည်း။ ကျေးဇူးတရားကို မသိမှုနှင့်သတိတရား မေ့လျော့နေမှုကြောင့် ပင်ဖြစ်သည်။ လောက၌ ရခဲလှသော သူနှစ်ဦးသည်ရှိ၏။ ထိုသူတို့မှာ-
(၁) ရှေးဦးစွာ ကျေးဇူးပြုတတ်သောသူနှင့်
(၂) သူ့ကျေးဇူးကိုသိပြီး ပြန်လည်ကျေအောင်ဆပ်နိုင်သောသူတို့ဖြစ်ကြသည်။
ရခဲပြီးမွန်မြတ်သည့်သူဖြစ်အောင် မိဘကျေးဇူးကိုသိပြီး ကျေပြွန်အောင်ဆပ်နိုင်ဘို့် သတိတရား မမေ့လျော့ဘဲ ရိုသေလေးမြတ်စွာ ပေးဆပ်ကြရပါမည်။

ထိုသို့မဟုတ်ဘဲ သားသမီးယုတ်တို့မှာကား မိဘဆီမှ အမွေရလမ်းမမြင်လျှင် ထံပါးနီးရပ် မကပ်ကြဘဲ ရှောင်တတ်ကြ၏။ ထို့ကြောင့် “မိဘကိုပင်၊ ဥစ္စာမြင်မှ၊ ခင်မင်မြတ်လေး၊ သားတို့ ကျွေး၏၊ သမီးတို့မွေး၏၊ ပဲရွေးမရှိ၊ မိဘတို့အား၊ သမီးသားသည်၊ ထံပါးနီးရပ်၊ မကပ်တုန်လျင်း၊ ရှောင်ကြခွင်း၏။”ဟူ၍ ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးက ရေးစပ်တော်မူ ခဲ့ခြင်းဖြစ်ပေသည်။်။ မိဘတို့၌ ဥစ္စာရှိလျှင် မသေခင်ကပင် အမွေခွဲချင်ကြသည့် သားသမီးများ လည်း ရှိကြပေသည်။ မိဘတို့ သေသွားလို့ အမွေမညီကြလျှင် ညီအစ်ကို မောင်နှမချင်း ရုံးတက်ကာ သူ့ထက်ငါအပြိုင်ပြု အမွေလုကြသည်လည်းရှိသည်။ မည်မျှသံဝေဂရစရာ ကောင်းလိုက်သနည်း။ အမွေယူ မှားနေကြသည်။ သားသမီးတို့မည်သည် မိဘတို့၏ ကောင်းမှု အမွေများကို ဆက်လက်ခံယူကျင့်သုံးရမည်သာဖြစ်၏။ ဤမျှတင်မဟုတ်သေး၊ မိဘတို့ဂုဏ် တိုးပွားရေးကို အလေးထားကာ ထိန်းသိမ်းစောင့်ရှောက်ပေးရမည်ဖြစ်သည်။ သားသမီးအမျိုး အစား(၃)မျိုးရှိ၏။ ၎င်းတို့မှာ-
(၁) အတိဇာတ- မိဘထက်သီလ၊ သမာ၊ ပညာစသော ဂုဏ်ကျေးဇူး လွန်မြတ်သောသူ။
(၂) အနုဇာတ- မိဘနှင့် ဂုဏ်ကျေးဇူး တူမျှသောသူ။
(၃) အ၀ဇာတ- မိဘအောက် ဂုဏ်ကျေးဇူး နိမ့်ညံ့သောသူတို့ ဖြစ်ကြပေသည်။

မိဘတို့၏ မွေးကျွေးဟောင်းကို ပြန်လည်ကျေးဇူးဆပ်သည့်လမ်းစဉ်မှာ ဘုရားရှင်ကိုယ်တော် တိုင် ဖြည့်ကျင့်တော်မူခဲ့သော အလွန်ထူးမွန်မြတ်သည့် ပါရမီကုသိုလ်ထူးကြီးပင်ဖြစ်သည်။ ဘုရားအလောင်းတော်များသည် ယင်းကုသိုလ်တော်မြတ်ကို သတိဉာဏ်ကပ်၍ ဘ၀ အသင်္ချေအနန္တ ဖြည့်ကျင့်တော်မူခဲ့ကြခြင်းဖြစ်သည်။ မဟာနန္ဒိယမျောက်မင်းဘ၀ ဖြစ်စဉ် အခါက ဖခင်မျောက်မင်း မရှိသည့်နောက် စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့သည်။ မင်းဖြစ်သည့် အလျောက် စားသောက်ဖွယ်ရာ အဖြာဖြာနှင့် ချောသက်လျာမိဖုရားများ ရှိပင်ငြားသော်လည်း မိခင်အို မျက်မမြင်ကိုသာ ပြုစုလုပ်ကျွေးရန် စည်းစိမ်အများ စွန့်ထားခဲ့၏။ တစ်နေ့တွင် မုဆိုး တစ်ယောက် တောလည်ရောက်လာပြီး မိခင်အိုကြီးကို ပစ်မည်လုပ်တော့ “မိခင်အိုကြီးအား ချမ်းသာထား၍ ကျွန်ုပ်အားသာ သတ်ယူပါ”ဟု အသေခံကာ ကျေးဇူးဆပ်ခဲ့လေသည်။ သုဝဏ္ဏ သာမ လုလင်ဘ၀မှာလည်း မျက်မမြင်မိဘများကို လုပ်ကျွေး၍အသက်မွေးနေစဉ် ဘုရင်မင်း တရား တောလည်သွားရာ သုဝဏ္ဏသာမအား သမင်ထင်ကာ အမြင်မှား၍ လေးနှင့်ပစ်ခွင်း လိုက်သည်တွင် မိဘလုပ်ကျွေးသည့်သားမြတ်ဖြစ်သောကြောင့် သိကြားမင်းမနေသာတော့ဘဲ လူ့ပြည်ဆင်းကာ ဆေးကုသပေးရန် မိဘများလိုရာဆု မေးသည့်အခါ “သားရွှေအိုး ထမ်းလာတာကို မြင်လိုပါကြောင်း” ဆုတောင်းလိုက်သဖြင့် မျက်မမြင်မိဘများ စက္ခုနှစ်ကွင်း အလင်းရစေခဲ့သည်မှာလည်း မိဘကိုလုပ်ကျွေးသော အလောင်းတော်၏ ဂုဏ်ကျေးဇူးကြောင့် ပင် ဖြစ်ပေသည်။

“မြတ်စွာဘုရား ဘုန်းကံကြီးမားပေစွတကား”ဟူ၍ အပေါ်ယံသာ ကြည်ညိုကာမနေနှင့်။ ကြီးမားစေသော အကြောင်းတရားများကလည်း ထိုကဲ့သို့ မိဘကျေးဇူးကိုသိပြီး လုပ်ကျွေးခဲ့ သော ဘ၀များမှာ အသင်္ချေအနန္တပင် မဟုတ်ပါလော။ ယခုခေတ်၌ ဘုန်းကံကြီးမားသူ နည်းပါး သည်မှာ မိဘကျေးဇူးတရားကိုမေ့ပြီး ပျော်တပြုံးပြုံး မော်မဆုံးနိုင်ဘဲ ငါးအာရုံအင်အစု ခင်မှုနှင့် နေ့ကုန်နေကြလို့သာဖြစ်သည်။ ခေတ်ပညာတတ်ကျွမ်းလာတော့ အိုကြီးချက်မ ဘာမျှမသိလှ သည့် မိဘတွေပါလားဟူ၍လည်း ကဲ့ရဲ့ကာအပြစ်ဆို အညစ်ပိုတတ်ကြသည့် သားသမီးများ လည်းရှိကြသည်။ အမည်နောက်မှာ ဆယ်ဘွဲ့ချိတ်ထားသော်လည်း မိဘကို စော်ကားသော သားသမီးများမှာ အဟိတ်တိရိစ္ဆာန်လိုသာဖြစ်ပေသည်။ ကျောင်းကသင်ပေးထားသော အတတ်ကား သညာသိ၊ နှလုံးသားမှလာသော အသိကား ပညာသိ ဖြစ်လေသောကြောင့် ပါရမီထိုက်သည့် ကုသိုလ်များမှာ ပညာသိဖြင့်လုပ်မှရ၏။

ထိုသို့အသိ ပညာရှိကား မိဘကျေးဇူး မဆိုထားနှင့်၊ “တစ်လုတ်စားဘူး သူ့ကျေးဇူး”ပင် မြဲစွာသတိကပ် ပေးဆပ်တတ်ကြသည်။ လူလားမြောက်အောင် အသက်နှင့်ရင်း မွေးပေးခဲ့ပြီး အလုတ်ပေါင်းများစွာ ကျွေးဘူးထားသော မိဘကျေးဇူးမှာကား ဆိုဖွယ်ရာမရှိတော့ပြီ။ ထို့ ကြောင့် ဘုရားရှင်ထုံး နှလုံးမူပြီး လမ်းညွှန်ပေးထားသည့်အတိုင်း လောကီလောကုတ္တရာ နည်းရှစ်ဖြာဖြင့် မိဘတို့၏ ဂုဏ်ကျေးဇူးကို အခါအခွင့် မလင့်စေဘဲ အမြန်မှန်စွာ ပေးဆပ်ပါလေ။

လောကီနည်းဖြင့် ကျေးဇူးဆပ်နည်း
(၁) စားရေးအတွက် ထောက်ပံ့ခြင်း။
(၂) ၀တ်ရေးအတွက် ထောက်ပံ့ခြင်း။
(၃) နေရေးအတွက် ထောက်ပံ့ခြင်း။
(၄) ကျန်းမာရေးအတွက် ထောက်ပံ့ခြင်း။

လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်နည်း
(၁) ဘုရား၊ တရား၊ သံဃာစသော ရတနာမြတ်သုံးပါးတို့အပေါ်၌ သဒ္ဓါတရားမရှိသည့် မိဘတို့ကို သဒ္ဓါတရားရှိအောင် တရားဟောပေးခြင်း။
(၂) ကိုယ်ကျင့်သီလကောင်း မရှိသောမိဘများအား သီလရှိအောင် တရားဟောပေးခြင်း။
(၃) စွန့်လွှတ်ပေးကမ်း မလှူဒါန်းကြသော မိဘများကို စွန့်လွှတ်စာဂ အာစာရနှင့် ပြည့်စုံအောင် တရားဟောပေးခြင်း။
(၄) အမှန်အမှား မပိုင်းခြားတတ်ဘဲ ပညာဉာဏ် နည်းပါးသောမိဘများအား ပညာရှိ အောင် တရားဟောပေးခြင်း။
(တရားဓမ္မ မဟောတတ်ကလည်း တခြားနည်းများဖြင့် ဆောင်ရွက်ပေးကြရပါမည်။)

မိဘကျေးဇူး လွန်စွာကြီးလှသောကြောင့် လောကီနည်း တစ်နည်းတည်းဖြင့်တော့ အသက်ရာ တိုင် ပေးဆပ်နိုင်သော်လည်း မိဘကျေးဇူး မကျေနိုင်ပေ။ ၎င်းကို ကိုးခန်းပျို့လင်္ကာမှာ “မိကို လက်ယာ၊ ဖကိုလက်ဝဲ၊ ကိုင်ချီဆွဲလျက်၊ ပခုံးထက်ဝယ်၊ အသက်ရာတိုင်၊ မမုန်းနိုင်ဘဲ၊ သုံးတိုင်ဝတ်တွား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားသိုက်ကျူး၊ ရှိတင်ဘူးသည့်၊ ကျေးဇူးဂုဏ်ပြိုင်၊ မဆပ်နိုင်ခဲ့။” ဟူ၍ ရေးစပ်ထားပေသည်။ ထို့ကြောင့် မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေ အောင် ဆပ်ကြရန်မှာ လောကီနည်း တစ်ခုတည်းဖြင့် မလုံလောက်၊ လောကုတ်နည်းဖြင့်ပါ ပြီးမြောက်အောင် ဆောင်ရွက်ပေးကြရပါမည်။ ဤနည်းဖြင့် ဆပ်လျှင်ကား ကျေးဇူးကျေသည့် လမ်းစဉ်ဖြစ်ကြောင်း “မိဘကျေးဇူး၊ ကြွေးအထူးကို၊ ကြည်နူးတုံ့ကာ၊ ဆပ်လိုပါမူ၊ သဒ္ဓါကင်းပ၊ သီလမဖြူ၊ အလှူမပေး၊ ကင်းဝေးသုတ၊ မိနှင့်ဖကို၊ ဖြောင့်ဖြချိုသာ၊ စေတနာဖြင့်၊ သဒ္ဓါစာသား၊ မြတ်တရားနှင့်၊ စုံငြားလေအောင်၊ ကျိုးအားဆောင်ကာ၊ များမြောင်ထေထေ၊ ကျေးဇူးကျေမည်၊ ဆပ်လေသူတို့၊ လမ်းစဉ်တည်း။”ဟူ၍ ရှေးပညာရှိတို့က ဗုဒ္ဓမြတ်ဘုရား မြွက်ကြားခဲ့သည့် အတိုင်း ကိုးကားကာ ရေးသားတော်မူခဲ့ကြပေသည်။

ထို့ကြောင့်နောက်ဆုံး နိဂုံးချုပ်ရပါလျှင် “မိဘနှစ်ဖြာ၊ ရှိနေပါလည်း၊ ကျေးဇူးမသိ၊ မဆပ်ဘိက၊ တစ်သက်လုံးလုံး၊ လူဖြစ်ရှုံး၏။”ဆိုသည့် ပညာရှိတို့ သတိပေးထားရာအတိုင်း မိမိကိုယ်ကို သတိဖြစ်စေခြင်းငှာလည်းကောင်း၊ စာရှုသူ ဓမ္မချစ်ခင် သူတော်စင်တို့အားလည်း သတိတရား ပွားများစေခြင်းငှာလည်းကောင်း ဤဓမ္မဆောင်းပါးဖြင့် ပါရမီဒါန ပြုလိုက်ရပါသည်။ စာရှုသူ ပရိတ်သတ်အားလုံး အပူခပ်သိမ်း ဒုက္ခငြိမ်း၍ သန္တိဓါတ်မြတ် ကိန်းနိုင်ကြပါစေသတည်း။
ကိုထွန်းထွန်းလှိုင် ဘလော့မှ ကူးယူဖေါ်ပြပါသည်။

မိဘကျေးဇူး အကျေဆပ်နည်း

မိဘကျေးဇူးဆပ်ချင်သူများအတွက် အရှင်ဆန္ဒာဓိက၏ နို့နှစ်လုံးကျေပါတယ် စာအုပ်မှ ကောက်နှုတ်ပါသည်။

မိဘကျေးဇူး အကျေဆပ်နည်း

အမေ့နို့ဖိုးရော၊ အဖေ့လက်ရုံးဖိုးပါ ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်ဟာ မိဘကျေးဇူးအထူးသိ၊ အထူးဆပ်လိုတဲ့ သူတော်ကောင်းတိုင်းအတွက် အတုယူစရာ နမူနာစံပြ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပါပဲ။

မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်က “ငါကတော့ ဘုရားမို့လို့ မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်တာ၊ သင်တို့ကတော့ သာမန်လူတွေမို့ မိဘကျေးဇူးကို ဘယ်တော့မှ ကျေအောင်ဆပ်နိုင်မှာ မဟုတ်ဘူး” လို့ လုံးဝမမိန်တော်မူခဲ့ပါဘူး။

“ငါဘုရား မိဘကျေးဇူးကို အကျေဆပ်နိုင်သလို သင်ချစ်သား ချစ်သမီးတို့လည်း မိဘကျေးဇူးကို အကျေဆပ်နိုင်ပါတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။

မြတ်စွာဘုရားက မိဘကျေးဇူးကို အကျေမဆပ်နိုင်ဘူးလို့ မဟောခဲ့ပါဘူး။ ကျေအောင်ဆပ်ဖို့ မလွယ်ဘူး လို့ ဟောတော်မူခဲ့တာပါ။ သာမာန်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး။ အထူးဆပ်မှ ကျေးဇူးကျေတယ်လို့ ဆိုလိုပါတယ်။

ကျေဇူးအကျေဆပ်ဖို့ မလွယ်ကူခြင်းအကြောင်း

မြတ်စွာဘုရားက –

“ချစ်သား ချစ်သမီးတို့ . ပုဂ္ဂိုလ်နှစ်ယောက် မွေးမိခင်နဲ့ မွေးဖခင် ရဲ့ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး။ ကျေအောင်ဆပ်ဖို့ မလွယ်ဘူး လို့ ငါဘုရားပြောချင်ပါတယ်။

နှစ်တစ်ရာတမ်းမှာ အနှစ်တစ်ရာအသက်ရှည်တဲ့ သားသမီးက အမေကို လက်ယာပခုံးမှာတင်၊ အဖေကို လက်ဝဲပခုံးမှာတင်ပြီး ရာသက်ပန်ပြုစုလုပ်ကျွေးတယ် ဆိုကြပါစို့၊ ပခုံးထက်က မိဘနှစ်ပါးကို မွှေးပျံ့သင်းကြိုင်အောင် နံ့သာမျိုးစုံနဲ့လည်း ပွတ်တိုက်လိမ်းကျံပေးတယ်။ အညောင်းအညာပြေအောင် လက်တွေ ခြေတွေကိုလည်း ဆုပ်နယ်ပေး နှိပ်ပေးယ်။ အေးတဲ့အခါ ရေနွေး၊ ပူတဲ့အခါ ရေအေးနဲ့လည်း ရေချိုးသန့်စင်ပေးတယ်။ ကိုယ်လက်ပေါ့ပါးချမ်းသာအောင် လက်တွေ ခြေတွေကိုလည်း ဆွဲဆန့်ပေးတယ်။ ပခုံးထက်မှာပဲ ကျင်ကြီးကျင်ငယ် စွန့်စေတယ်။

အဲဒီလောက် ပြုစုလုပ်ကျွေးပေမယ့် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား အကျေဆပ်ပြီးသား မဖြစ်သေးပါဘူး။

“ချစ်သား ချစ်သမီးတို့ .. စကားကုန်ပြောရမယ်ဆိုရင် မိဘနှစ်ပါးကို နှစ်သက်ဖွယ်ရတနာတွေ အများကြီးရှိတဲ့ တစ်မြေပြင်လုံးကို စိုးမိုးအုပ်ချုပ်အကြီးအကဲလုပ်နိုင်တဲ့ စကြာဝတေးမင်းရာထားမှာထားပြီး ကျေးဇူးဆပ်ဦးတော့၊ မိဘကျေးဇူးကို ကျေအောင်ဆပ်ရာ မရောက်သေးပါဘူး။ “

“ချစ်သား ချစ်သမီးတို့ . ဒိလောက်ကျေးဇူးဆပ်ရက်သားနဲ့ ဘာလို့ ကျေးဇူးမကျေနိုင်ရတာလဲဆိုရင် မိဘတွေဟာ သားသမီးအပေါ် သိပ်ကို ကျေးဇူးများကြလို့။ သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက်စောင့်ရှောက်ကြလို့။ နို့ချိုတိုက်ကျွေးမွေးမြူကြလို့။ ဒီလောကကြီးရဲ့အာရုံကောင်းဆိုးအမျိုးမျိုးကို သိမြင်အောင် သေချာပြသကြလို့ပါပဲ။”

“ချစ်သား ချစ်သမီးတို့ . မိဘကျေးဇူး အကျေဆပ်နိုင်တဲ့နည်းလမ်းတွေကို ငါဘုရားညွှန်ပြပါရစေ။

၁) သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ပြည့်စုံအောင် (ရတနာသုံးပါးသာ ကိုးကွယ်ရာအစစ်ဖြစ်ကြောင်း၊ ကံတွေရဲ့အကျိုးပေးမှုသတ္တိ)၊

၂) သီလမရှိတဲ့ မိဘကို သီလနဲ့ပြည့်စုံအောင် (သီလမရှိရင် အနာရောဂါများတတ်ကြောင်း၊ သေခါနီး ကောင်းရာသုဂတိရောက်ရေးကိစ္စ)၊

၃) မပေးရက် မလှူရက်နှမြောဝန်တိုတဲ့မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း (မေတ္တာစေတနာနဲ့ပေးသမျှ ကိုယ်ရဖို့သာချည်းဖြစ်ကြောင်း) နှင့်

၎) ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ပြည့်စုံအောင် (အကောင်းမြင်စိတ်နဲ့ အပြုသဘောဖြစ်အောင်၊ ပစ္စုပ္ပုန်စိတ်အေးချမ်းဖို့နဲ့သံသရာဘ၀လွတ်မြောက်ဖို့အတွက်ပါ ၀ိပဿနာမလုပ်မဖြစ် အရေးကြီးကြောင်း) ကောင်းစွာနာယူဆောက်တည်စေမယ်။ လေးလေးနက်နက် သက်ဝင်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ်ဆိုရင် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်။

မိဘကျေးဇူးဆပ်တဲ့နေရာမှာ လောကနည်းနဲ့ ဆပ်ခြင်း၊ ဓမ္မနည်းနဲ့ ဆပ်ခြင်း ဟူ၍ နှစ်မျိုးရှိပါတယ်။

လောကနည်းနဲ့ ဆပ်နည်း – မိဘအတွက် အစားအသောက်၊ အ၀တ်အထည်၊ နေအိမ်တိုက်တာ၊ ကားရထားစတဲ့ လူမှုအသုံးအဆောင်ပစ္စည်းတွေ ပြည့်စုံအောင် စီမံဖန်တီးပေးထာကို ခေါ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်း – မိဘရဲ့စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းနိုင်သမျှ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကျေးဇူးဆပ်တာကို ခေါ်ပါတယ်။

လောကနည်းနဲ့ ကျေးဇူးဆပ်တာကို မကျေနိုင်ဘူးလို့ ပြောတာပါ။ သို့ပေမယ့် လောကနည်းနဲ့လည်း ဆပ်တော့ဆပ်နေရမှာပါပဲ။ ဥပမာ – သီတင်းကျွတ်ကျမှ မိဘကို ကန်တော့တာမျိုး၊ နှစ်သစ်ကူးကျမှမိဘကို လက်ဆောင်ပစ္စည်းပေးထာမျိုးလောက်နဲ့ ကျေနပ်မနေဘဲ နေ့စဉ် လစဉ်ဆိုသလို မိဘကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်သင့်ပါတယ်။

မိဘက ကိုယ့်ကိုထမင်းဘယ်နှနပ် ကျွေးခဲ့ဖူးသလဲ။

ကိုယ်ကရော မိဘကို ထမင်းဘယ်နှနပ်ပြန်ကျွေးခဲ့ပြီးပြီလဲ။

မိဘက ကိုယ့်ကိုအကျီင်္ လုံချည်ဘယ်နှထည်ဆင်ခဲ့ဖူးသလဲ။

ကိုယ်ကရော မိဘကို အကျီင်္ လုံချည်ဘယ်နှထည် ၀ယ်ပေးပြီးပြီလဲ။

“ပြန်တွေးကြည့်ရင် ရှက်စရာဆိုတဲ့စကားမျိုး” ဘယ်တော့မှ ပြောစရာ မလိုအောင် အစွမ်းကုန်ဖြည့်ဆည့်ပေးလိုက်ပါ။

မိဘသေခါမှ “ကျေးဇူးမဆပ်လိုက်ရလေခြင်း” လို့ အရှက်မရှိ အော်ငိုမနေပါနဲ့။

ပေးမှ၊ လှူမှ မိဘကို ကျေးဇူးဆပ်တာ မဟုတ်ပါဘူး။ မိဘရဲ့ဝေယျာဝစ္စ ကိစ္စကြီးငယ်ကို လက်ရုံးအားနဲ့ဆောင်ရွက်ပေးတာလည်း ကျေးဇူးဆပ်နေတာပါပဲ။ “မိဘရဲ့အင်္ကျီလုံချည် လျှော်ဖွပ်ပေးတာတို့၊ မိဘကို အညောင်းအညာပြေအောင် နှိပ်နယ်ပေးတာတို့၊ မိဘမကျန်းမာရင် ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ပြုစုတာတို့” ပြုလုပ်ပေးသင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်း – မိဘရဲ့စိတ်ဓါတ်မြင့်မားရေးအတွက် စိတ်အာဟာရတွေနဲ့ ကျေးဇူးဆပ်နေတာ ကိုခေါ်ပါတယ်။

ဓမ္မနည်းနဲ့ ကျေးဇူးဆပ်နည်း – စိတ်မထားတတ်တဲ့မိဘကို စိတ်ထားတတ်အောင်၊ ကုသိုလ်နည်းပါးတဲ့ မိဘကုသိုလ်တိုးပွားအောင် ကူညီပံ့ပိုးပေးတာကို ခေါ်ပါတယ်။ ကိုယ့်ရဲ့ကူညီပံ့ပိုးပေးမှုကြောင့် မိဘရဲ့စိတ်ဓါတ်မြင့်မားမှုနဲ့ ကုသိုလ်တိုးပွားမှုက ဘ၀လွတ်မြောက်မှုအဆင့်အထိ တက်လှမ်းနိုင်သွားပြီဆိုရင် အဲဒီလို တက်လှမ်းနိုင်အောင် ဓမ္မနည်းနဲ့ ကျေးဇူးအကျေဆပ်ပြီးသား ဖြစ်သွားတော့တာပါပဲ။

ကိုယ့်ရဲ့စွမ်းဆောင်မှုကြောင့် မိဘမှာ အောက်ဆုံးထစ် တစ်မဂ်တစ်ဖိုလ် ကျွတ်တန်းခိုခွင့်ရတယ်ဆိုရင်ပဲ မိဘကျေးဇူးအကြွင်းမဲ့ ကျေသွားပါပြီ။

ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် မဂ်ဖိုလ်နိဗ္ဗာန်ရအောင် စွမ်းဆောင်နိုင်ရင်လည်း မိဘကျေးဇူးအကြွင်းမဲ့ ကျေပါတယ်။

ပုထုဇဉ်အဆင့်ကနေ သောတပန်အရိယာအဆင့်ကို ရောက်သွားတယ်ဆိုရင်ပဲ သိပ်မကြာလှတော့တဲ့ တချိန်မှာ ရဟန္တာဖြစ်ဖို့ သေချာသွားပြီဖြစ်တဲ့အတွက် မိခင်ကို သောတပန်ဖြစ်အောင် ဓမ္မနို့ရည်တိုက်ကျွေးပေးတဲ့ သူတော်ကောင်းပုဂ္ဂိုလ်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံးကျေအောင် ဆပ်ပြီးသား ဖြစ်တော့တာပါပဲ။

မဂ်ဖိုလ်ရဖို့ အနီးကပ်ဆုံးအလုပ်က -

- ၀ိပဿနာအလုပ် အားထုတ်ဖြစ်အောင် ဖန်တီးပေးခြင်း၊

- ၀ိပဿနာစာအုပ်၊ တိတ်ခွေများ လှူဒါန်းခြင်း၊

- ၀ိပဿနာရဲ့အခြံအရံအထောက်အပံ့ဖြစ်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်အောင် ကူညီပေးခြင်း၊

- ဘာကုသိုလ်ပဲပြုပြု နိဗ္ဗာန်ကို ဦးတည်ပြီးပဲ ပြုဖို့တိုက်တွန်းပေးခြင်း၊

- ကိုယ့်ကြောင့် မိဘရဲ့ဝိပဿနာအားထုတ်မှု အနှောင့်အယှက် မဖြစ်အောင် အရာရာသတိပြုနေထိုင်ခြင်း။

သူတစ်ပါးကို မဂ်ဖိုလ်ရအောင် လုပ်ဖို့က မသေချာတဲ့အတွက် မိဘကျေးဇူးကို ဒီတစ်ဘ၀တည်းနဲ့အကျေဆပ်ချင်လွန်းသပဆိုရင် ကိုယ်ကိုယ်တိုင် ဒီဘ၀မှာပဲ အနည်းဆုံး တစ်မဂ်တစ်ဖိုလ်ရအောင် ၀ိပဿနာအလုပ်အားထုတ်တာ အကောင်းဆုံးပါပဲ။

တကယ်တော့ ရှည်လျားလွန်းလှတဲ့ အစမထင် သံသရာမှာ သူကမိဘဖြစ်လိုက်၊ ကိုယ်ကမိဘဖြစ်လိုက်နဲ့ အပြန်ပြန် အလှန်လှန်ကျင်လည်နေကြရတာမို့ ဘယ်သူကျေးဇူးကိုတော့ဖြင့် ဘယ်သူကကျေအောင် ဆပ်ပြီးပြီဆိုတာ ပုထုဇဉ်လောကမှာ လုံးဝမရှိနိုင်ပါဘူး။

ဒါ့ပေမယ့် ကျေးဇူးကျေတာ မကျေတာကို အဓိကမထားဘဲ “ကျေးဇူးဆပ်နေဖို့သာအဓိက” လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော၊ ဓမ္မနည်းနဲ့ပါ မိဘကို အမြဲကျေဇူးဆပ်နေဖို့ပဲ အရေးကြီးပါတယ်။

မိဘကျေးဇူး

ကျွန်တော်တို့တွေ အားလုံး အမေ့ဆုံးသော အရာတစ်ခု ရှိပါတယ်။ အခြား မဟုတ်ပါဘူး။ မိဘကျေးဇူးဆပ်ခြင်း ဆိုတာပါပဲ။ မိဘတွေရဲ့ ကျေးဇူးကို ဆပ်ရမယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိကြပါတယ်။ ကလေးဘ၀ ကတည်းက ပုံပြင်တွေ၊ ကဗျာတွေ၊ အမျိုးမျိုး သင်ခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာကြောင့် အခုချိန်ထိ မိဘ ကျေးဇူးကို ဆပ်ဖို့ အကောင်အထည် မဖေါ်ကြတာလဲ??၊ မေ့လျှော့ ပေါ့ဆ နေကြတာလဲ??၊ မမေ့လျှော့တဲ့ သူတွေကရော ဒါလေးလုပ်ဖို့ကို ဘာကြောင့် ရေးကြီးခွင့်ကျယ် လုပ်နေကြရတာလဲ??။ ကိုယ့်ကိုယ်ကို မေးကြည့်ပါတယ်။ ကိုယ်ဖက်က ပြည့်စုံမှ ဆပ်မှာလား?။ အဲဒီလို လုပ်လို့တော့ မရပြန်ဘူးဗျ။ ကျွန်တော်တို့က တဖြည်းဖြည်း ရင့်ကျက် တည်ငြိမ်လာပြီး ပြည့်စုံလာတယ် ပဲထားအုံး မိဘတွေရဲ့ အသက်ကရော၊ ရပ်နေမှာမှမဟုတ်တာ။ သူတို့တွေလည်း အသက်တွေ ကြီးလာမှာပဲ။ ဒီလိုနဲ့ ကျေးဇူးဆပ်ဖို့ ပြင်နေရင်းနဲ့ပဲ မဆပ်လိုက်ရတဲ့ သားသ္မီးတွေလည်း တစ်ပုံကြီးရှိပါတယ်။ မိခင် ဒါမှမဟုတ် ဖခင် တစ်ဦးသာ ရှိတော့တဲ့သူတွေ ဆိုရင် ပိုပြီးတောင် အလေးအနက် ထားသင့်ပါတယ်။ မိဘထက် အရေကြီးတဲ့သူ၊ မိဘထက် ကျေးဇူးကြီးတဲ့သူ ဆိုတာ ရှိနိုင်ပါ့မလား။ မိဘကျေးဇူး ဆပ်ခွင့်ရတယ်ဆိုတာ တော်ရုံတန်ရုံ အခွင့်အရေးတော့ မဟုတ်ပါဘူး။ ၀မ်းတွင်မှာ သန္ဓေ စပြီး တည်ကတည်းနေ အခုချိန်ထိ မိဘဆီက မှီခိုမှု ကင်းအောင် ဘယ်လောက် နေနိုင်ပြီလဲ။ အခုချိန် ချွတ်ခြုံကျသွားရင်ရော မိဘကလွဲပြီး ကျွန်တော်တို့ကို ဘယ်သူကများ လက်ခံမှာတဲ့လဲ..........။



  • သည်ကနေ့ မင်းဖြစ်နေသမျှ၊ နောက်တစ်နေ့ မင်းဖြစ်မယ်လို့ မျှော်မှန်းနိုင်သမျှ အားလုံး မင်းမိဘ ကျေးဇူကြောင့်။

  • ငါ့ဘ၀တွင် ရတနာသုံးပါးသည် နိဗ္ဗာန်၊ အမေသည် အသက်သခင်၊ အဖေသည် မီးရှူးတိုင်၊ ဆရာသည် လမ်းပြကြယ်။

  • ငါ့ဘ၀တွင် ငါ့မိဘသာ ရှိနေပါစေ။ ဒုက္ခဟူသမျှ လက်ပြခေါ်ပါ့မယ်။

  • ငွေနဲ့ အရာရာကို ဖန်တီးယူနိုင်တယ်တဲ့။ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် မိဘတို့ရဲ့ မေတ္တာ၊ စေတနာ၊ အနစ်နာခံမှု တွေကိုတော့ ငွေနဲ့ လဲလို့ မရပါဘူး။

  • မိခင်တိုင်းရဲ့ရင်ခွင်ဟာ သားသ္မီးတိုင်းအတွက် ဆောင်းမှာ နွေးထွေးမှုကို ပေးနိုင်သလို နွေမှာလည်း အေးမြမှုကို ပေးစွမ်းနိုင်ပါတယ်။

  • အပူမီးကုဋေ အမေ့ရင်မှာ ၀န်းရံသော်လည်း အပြုံးမပျက် သားမှေးဆက်ရန် သားချော့တေးသံ ရင်တွင်းမှာလေ လှိုက်လှိုက်လှဲလှဲ သီဆိုဆဲပါလေ။

  • လပြည့်ည လ၀န်းထက် အမေ့မျက်ဝန်းက ပို၍ စိုရွှန်းတောက်ပ၏။

  • ငါ့ရဲ့ပထမအချစ်က မိခင်၊ ဒုတိယနှလုံးသား ကဖခင်။

  • လောကမှာ မိမိအပေါ် ဘယ်သူတွေ မေတ္တာပျက်ပျက်၊ မိဘနှစ်ပါးက မေတ္တာမပျက်ဘူး။

  • စီးပွားရေး တောင့်တင်း ခိုင်မာသူတို့သည် မိဘအား ထောက်ပံ့ ကြည့်ရှုနိုင်ခြင်းဟူသော ကြီးမားသော ဆုလဘ်ကို ရရှိကြသည်။

  • မသိတတ်ခင်က မိဘကို စိတ်ညစ်စေတာကို ထားလိုက်တော့။ အခု သိတတ်ပြီ။ မိဘကို ပျော်ရွှင်ပါစေတော့။

  • မိဘကျေးဇူးကို ဆပ်ခွင့်ရတုန်းမှာ အရအမိဆပ်ပါ။

  • မိဘ၊ ဆရာရဲ့ မေတ္တာကို အောင်မြင်မှုနဲ့ ကျေးဇူးဆပ်တာအကောင်းဆုံး။

မိဘကျေးဇူးအကျေဆပ်နည်း

ဤကမ္ဘာလောကတွင်မိဘကျေးဇူးကိုအထူးသိ၊ အထူးဆပ်လိုတဲ့သူတော်ကောင်းတိုင်း အတွက် အတုယူအားကျစရာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကတော့ မြတ်စွာဘုရားရှင်ဘဲဖြစ်ပါတယ်။ မြတ်စွာ ဘုရားရှင်က ဘ၀တစ်ပါးပြောင်းသွားပြီဖြစ်တဲ့ မယ်တော်(သန္တုဿိတနတ်သား)ကို ဘ၀သံသရာဝဋ် ဒုက္ခက လွတ်မြောက်အောင်ကယ်တင် တော်မူပြီး၊မယ်တော်နတ်ရွာ စံပြီးမိမိကိုနို့ချိုတိုက်ကျွေးခဲ့တဲ့ မိထွေးတော်မဟာပဇာပတိ ဂေါတမီထေရီမကြီးကိုလည်း ရဟန္တာဖြစ်တဲ့အထိ“ဓမ္မနို့ရည်” တိုက်ကျွေးခြင်းဖြင့်မိခင် ကျေးဇူးကို“နို့နှစ်လုံးဖိုးကျေအောင်” ဆပ်နိုင်ခဲ့ပါတယ်။ တို့ပြင်ခမည်း တော်သုဒ္ဓေါဒ နမင်းကြီးကိုလည်း လူဝတ်ကြောင်ဘ၀နဲ့ရဟန္တာဖြစ်ပြီး ကျွတ်တမ်းဝင်အောင်လမ်း ညွန်ပေးပြီးဖခင်ကျေးဇူးကိုလည်း “လက်ရုံးနှစ်ဖက် ဖိုးလုံးကျေအောင်” ဆပ်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်က“ချစ်သား၊ ချစ်သမီးတို့..၊ မွေးမိခင်နှင့်မွေးဖခင်တို့ ကျေးဇူးကိုအလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး၊ ကျေအောင်ဆပ်ဖို့မလွယ်ဘူးလို့ ငါဘုရားပြောချင်ပါတယ်။ “ချစ်သား၊ ချစ်သမီးတို့၊ အနှစ်တရာသက်တမ်းမှာ အနှစ်တရာအသက်ရှည်တဲ့ သားသမီးကအမေကို လက်ယာပခုံးတင်၊ အဖေကို လက်ဝဲပခုံးတင်ပြီးအမျိုးမျိုးပြုစုလုပ်ကျွေးပြီး ပခုံးထက်မှာဘဲ ကျင်ကြီးကျင်ငယ်စွန့်စေပြီး ရာသက်ပန်ပြုစု လုပ်ကျွေးသော်လည်း မိဘကျေးဇူးကိုအကျေ ဆပ်ပြီးသားမဖြစ်သေးပါဘူး”၊ “ချစ်သား၊ချစ်သမီးတို့..၊ စကား ကုန်ပြောရရင်မိဘ နှစ်ပါးကို နှစ်သက်ဖွယ်ရာရတနာတွေအများကြီး ရှိတဲ့တလောကလုံးကို စိုးမိုး အုပ်ချုပ်အကြီးအကဲ လုပ်နိုင်တဲ့ စကြ၀တေးမင်းရာထူးမှာထားပြီး ကျေးဇူးဆပ်သော်လည်း ကျေအောင်ဆပ်နိုင်မည် မဟုတ်ပါ “ချစ်သား၊ ချစ်သမီးတို့…၊ ဒီလောက်ကျေးဇူးဆပ်ရက်သားနဲ့ ဘာလို့ကျေးဇူးမကျေနိုင်တာလဲ ဆိုရင်မိဘတွေဟာသား သမီးတွေအပေါ် သိပ်ကို ကျေးဇူးများကြီးလို့၊ သားသမီးတွေကိုကြီးပြင်း အရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက်စောင့်ရှောက်ကြလို့၊ နို့ချိုတိုက်ကျွေး မွေးမြူပြီး လောကကြီးရဲ့ အကောင်းအဆိုးအမျိုးမျိုးကိုသိမြင်အောင်သေချာညွန်ကြားပြသလို့ပဲ” ဖြစ်ပါတယ်။ မိဘကို ကျေးဇူးဆပ်ရာမှာလောကနည်းနဲ့ဆပ်ခြင်း၊ ဓမ္မနည်းနဲ့ဆပ်ခြင်း ဟူ၍နှစ်မျိုးရှိပါသည်။ မိဘအတွက်စားဝတ်နေ ရေးကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းသမျှ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကျေးဇူးဆပ်တာကို လောက နည်းနဲ့ကျေးဇူးဆပ်ခြင်းလို့ခေါ်ပါတယ်။ လောကနည်းနဲ့ကျေးဇူးဆပ်လို့ မကျေနိုင်ပေမယ့် မိဘသက်ရှိ ထင်ရှားရှိစဉ်နေ့စဉ်၊ လစဉ်အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်သင့်ပါတယ်။ မိဘသေခါမှ “ကျေးဇူးမ ဆပ်လိုက်ရလေခြင်း” ဟုအကျိုး မရှိအော်ငိုနေခြင်းဖြင့် နောင်မှနောင်တရမနေသင့်ပါ။ စိတ်ထား မတတ်တဲ့မိဘ ကိုစိတ်ထားတတ်အောင်၊ ကုသိုလ်နည်း ပါးတဲ့မိဘကို ကုသိုလ်တိုးပွားအောင် ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ကျေးဇူးဆပ်တယ်လို့ခေါ်ပါတယ်။ “သဒ္ဓါတရားမရှိ တဲ့မိဘ ကိုသဒ္ဓါတရားနဲ့ပြည့်စုံအောင်၊ နတ်တွေ၊ ဘိုးတော်တွေအထင်ကြီး ကိုးကွယ်နေတဲ့မိဘတွေကိုဘုရား၊တရား၊ သံဃာရတနာသုံးပါးသာ ကိုးကွယ်ရာ အစစ်ဖြစ်ကြောင်း၊ သေရင်ပြီးပြီလို့ယူဆနေတဲ့မိဘ ကိုသေရင်မပြီးသေးဘဲ ကိုယ်ပြုတဲ့ကောင်းကံ၊ မကောင်းကံ အားလျော်စွာဘ၀သစ် ထပ်ဖြစ်ရအုံးမယ်ဖြစ်ကြောင်း၊ ကံကိုမယုံတဲ့မိဘကိုယုံကြည်အောင်၊ သီလ မရှိတဲ့မိဘကို သီလနဲ့ပြည့်စုံအောင်၊ နှမြောတွန့်တိုတဲ့မိဘကို အလှူဒါနနဲ့ပြည့်စုံအောင်၊ စိတ်ထား မမှန်တဲ့မိဘကိုစိတ်ထားမှန်အောင်၊ ၀ိပဿနာအလုပ်အားမထုတ်ချင်တဲ့မိဘကို ပစ္စုန်စိတ်အေးချမ်းဖို့ အတွက် ရော၊ သံသရာ ဘ၀လွတ်မြောက်ဖို့အတွက်ပါ ၀ိပဿနာဟာမလုပ်မဖြစ် အရေးကြီးကြောင်းအိမ်မှာ တရားအားထုတ်ဖြစ်အောင်၊ လိုအပ်ရင် ရိပ်သာသွားပြီး တရားအားထုတ်ဖြစ်အောင် အစွမ်းကုန်ကူညီဆောင်ရွက်ပေး ရမည်ဖြစ်ပါသည်။ ကိုယ်ရဲ့စွမ်းဆောင် မှုကြောင့် မိဘမှာတစ်မဂ်တစ်ဖိုလ် ကျွတ်တန်းဝင်ခွင့်ရရင် မိဘကျေးဇူး အကြွင်းမဲ့ကျေသွားပြီဖြစ်ပါတယ်။ ကိုယ်ကိုယ် တိုင်မဂ်ဖိုလ်နိဗ္ဗာန် ရအောင်စွမ်းဆောင်နိုင်ရင်လဲ မိဘကျေးဇူးအကြွင်းမဲ့ကျေပါတယ်။ နိဗ္ဗာန်ကိုထာဝရစံဝင်သွားကြတဲ့ ရဟန္တာယောက်ျား၊ ရဟန္တာမိန်းမတွေအားလုံး မိဘအပေါ်မှာရော၊ တခြားပုဂ္ဂိုလ်တွေအပေါ်မှာရော ဘာကျေးဇူး၊ ဘာအကုသိုလ်ကြွေးမှ မကျန်တော့ပါ။ ထို့ကြောင့်မြတ်စွာဘုရားရှင်က“ချစ်သား၊ ချစ်သမီးတို့…၊ မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရားညွန်ပြပါမည်၊ သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ပြည့်စုံအောင်၊ သီလမရှိတဲ့မိဘ ကိုသီလလုံနဲ့ပြည့် စုံအောင်၊ မပေးရက်မလှူရက်နှမြော ၀န်တိုတဲ့မိဘကိုစွန့်ကြဲပေးကမ်း လှူဒါန်းခြင်းနဲ့ပြည့်စုံအောင်၊ ပညာဥာဏ် မရှိတဲ့မိဘကိုပညာ ဥာဏ်နဲ့ပြည့်စုံအောင် ကောင်းစွာနာယူ ဆောက်တည်စေမယ်၊ လေးလေးနက် နက်သက်ဝင်စေမယ်၊ ခိုင်ခိုင်ခံ့ခံ့တည်တံ့မြဲမြံစေ မယ်ဆိုရင်မိဘ ကျေးဇူးကိုတုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်လို့” ဟောကြားတော်မူခဲ့ပါသည်။ ကျွန်တော်တို့သည်မိဘကျေးဇူး ကျေတာမကျေတာကို အဓိက မထားဘဲလောကနည်းနဲ့ရော၊ ဓမ္မနည်းနဲ့ရော မိဘကိုအမြဲ ကျေးဇူးဆပ်နေဖို့အရေးကြီးပါတယ်။ မိဘကျေးဇူးသိတတ်သော သားသမီးများသည် အိုတောင် မဆင်းရဲဘဲ ကံကောင်းခြင်းလက်ဆောင်တွေ မိမိထံမှောက်သို့ အလုံးအရင်းနဲ့ဝင်ရောက်လာပြီး ဘ၀ကို ပျော်ရွင်ချမ်းမြေ့စွာဖြတ် သန်းနိုင်မည်ဖြစ်ပါသည်။ ဓမ္မမိတ်ဆွေသူတော်ကောင်း အပေါင်းတို့ မိဘကျေးဇူးကို သိပြီးမိဘသက်ရှိထင်ရှားရှိစဉ် မိဘကျေးဇူးကိုဆပ်နိုင်သော သားကောင်း သမီးကောင်းလေးများဖြစ်ြကပါစေ။

အိုပယ်

“အိုပယ်” ဆိုတာ ကျွန်တော်ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ကားရဲ့ အမည်ပါ။ ဒီကားကို မကြည့်ခင်တုန်းက နာမည်လေးက ကိုရီးယားနာမည်လို့ ထင်စရာလေးပါ။ အမှန်တော့ ဇာတ်ကားလေးက ပညာပေးကားလေးပါ။ အသက်အရွယ် အိုမင်းလာတဲ့ မိဘများကို သားသမီးများက မိဘရဲ့ကျေးဇူးကိုမသိဘဲ စွန့်ပစ်ထားတာကို ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။ ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်ကတည်းက လူဖြစ်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘများကို အရွယ်ရောက် ပညာစုံ အတောင်စုံတဲ့အခါ အိုမင်းရင့်ရော်လာတဲ့ မိဘများကို လစ်လူရှု့ထားပေမယ့် မိဘမေတ္တာကတော့ သားသမီးအပေါ် ဘယ်တော့မှ ပျက်ပြယ်မသွားပါဘူး။ တောင်းဆိုးပလုံးဆိုးကိုသာ ပစ်ရိုးထုံးစံရှိပြီး သားဆိုးသမီးဆိုးကိုတော့ ပစ်ရိုးထုံးစံမရှိပါဘူး။ ကျွန်တော်တို့လို ပုထုဇဉ်လူသားတွေအတွက် မိဘကျေဇူးကို ကျေအောင်ဆပ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အသက်အရွယ် အိုမင်းလာတဲ့ မိဘများကို ငြူဆူမှုမရှိဘဲ ဘုရားရိပ်တရားရိပ်မှာ နားခိုးပြီးသူတို့ရဲ့ ဘ၀ကို ပျော်ရွင်အေးချမ်းစွာ ဖြင့်ဖြတ်သန်းနိုင်အောင် ဆောင်ရွက်ရမည်မှာ ကျွန်တော်တို့အားလုံးရဲ့ သားသမီးဝတ္တရားများသာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ “ငါအိုသွားတဲ့အခါ” ၂၀၀၄ခုနှစ် (၁၂) လပိုင်း (၆) ရက်နေ့ ထုတ်ဆောင်ပါးလေးကို နှစ်သက်၍ မူရင်းအတိုင်းပြန်လည် ဖော်ပြလိုက်ပါတယ်။
“ငါအိုသွားတဲ့အခါ”
  • ငါအိုသွားတဲ့အခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
  • ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
  • အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
  • မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
  • ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။
  • စိတ်သွားတိုင်း ကိုယ်မပါနွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုတွဲကူပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
  • အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
  • တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ၊ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေ အတွက်အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ၊ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

မိဘဂုဏ်ကျေးဇူး အထူးသိစရာ သံဝေဂလင်္ကာ


ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း စာအုပ်ထဲတွင် ကျွန်တော်ဖတ်လိုက်ရသည့် မိဘများ ဂုဏ်ကျေးဇူးကို မသိဘဲ တာဝန်ပျက်ကွက်သူများကို သတိသံဝေဂ ရစေရန် မြတ်စွာဘုရားကိုင်တော်တိုင် စီမံပေးတော်မူ ခဲ့သော ကဗျာလေးတစ်ပုဒ် ဖြစ်ပါသည်။ ထိုသံဝေ ကဗျာလေးမှာ-

  • သူတို့လေးယောက် ဖွားမြောက်လာကတည်းက ငါ ၀မ်းမြောက်၏။ သူတို့ တစ်စတစ်စ လူလားမြောက်လာသည်ကို ငါ နှစ်လို၏။ သို့ပါလျက် သူတို့က မယားနှင့် အလိုတူ အလိုပါပြုကာ ငါ့ကို အိမ်မှ နှင်ထုတ်ကြ၏။ ၀က်ကို ခွေးတွေ ဟောင်သကဲ့သို့ပင် ဖြစ်၏။
  • မိုက်ရိုင်းယုတ်မာလှသော မြေဖုတ်ဘီလူးတို့သည် သားယောင်ဆောင်၍ ငါ့နား ကပ်လာကြ၏။ ဖေဖေ ဖေဖေဟု ပလီပလာ ဆိုလာကြ၏။ ထိုသို့ ပလီခဲ့သူတို့ကပင် သေခါနီးသော ဖခင်ကြီးကို ရက်ရက်စက်စက် စွန့်ပစ်ကြကုန်၏။
  • ခိုင်းစေ၍ မရနိုင်တော့သော မြင်းအိုကြီးကို စားခွက်မှ ဆွဲထုတ်ကြသကဲ့သို့ သားဆိုးသားမိုက်တို့ ဖခင်အိုကြီးမှာလည်း အိမ်မှ နှင်ထုတ်ခံထားရသဖြင့် အိမ်တကာလည်၍ တောင်းစားနေရ၏။
  • ငါလက်ထဲက တောင်ဝှေးသည် အဘစကား နားမထောင်သော သားလေးယောက်ထက် မြတ်ပါသေး၏။ ဤတောင်ဝှေးသည် နွားဆိုးတို့ကိုလည်း ကာကွယ်ပေး၏။ ခွေးဆိုးတို့ကိုလည်း တာဆီးပေး၏။ ညအခါ မှောင်မိုက်ထဲဝယ် သူ့ကို ရှေ့ကထား၍ သွားရ၏။ ကျင်းတွေ ချိုင့်တွေ ရှိသောအခါ ထောက်ရာတည်ရာ ရ၏။ မတော်တဆ လဲကျသွားရာမှာလည်း သည်တောင်ဝှေးကိုပင် ထောက်၍ ပြန်ထခဲ့ရပေသည်။
ဤသို့ အနက်အဓိပ္ပာယ်ရှိသော ကဗျာလေးပုဒ်ကို ဘုရားရှင်ကိုယ်တော်တိုင် စီကုံးတော်မူကာ ပုဏ္ဏားအိုကြီးတစ်ယောက်အား နှုတ်တိုက်ချ၍ သင်ပေးတော်မူရ၏။ အသက်အရွယ် အိုရသည့်အထဲတွင် စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသဖြင့် ပုဏ္ဏားကြီးမှာ အသိဥာဏ် ထိုင်းမှိုင်းနေရှာ၏။ သည်ကဗျာလေးပုဒ်ကိုပင် ရက်ပေါင်းများစွာ သင်ယူရ၏။ ပုဏ္ဏားအိုကြီး နှုတ်တိုက်ရသည်အထိ ဘုရားရှင်ကလည်း အခေါက်ခေါက် အခါခါ ချပေးတော်မူရပေသည်။
အမှန်တော့ ပုဏ္ဏားကြီးသည် သူဌေးကြီးတစ်ဦး ဖြစ်ခဲ့၏။ ရှိရှိသမျှ ငွေနှင့်ပစ္စည်းများကို သားလေးယောက်ကို မသေခင် အမွေပေးမိသဖြင့် အတိဒုက္ခ ရောက်ခဲ့ရ၏။ မယားစကား နားထောင်၍ သားလေးယောက်လုံးက သူ့ကို တစ်ယောက်ပြီး တစ်ယောက် နှင်ထုတ်လိုက်၍ အိမ်တကာလည်၍ တောင်းစားနေရ၏။ ဤတွင် ကြံရာမရရှာသော ပုဏ္ဏားကြီးသည် ဘုရားရှင်ထံ ရောက်လာ၍ ကံကောင်းသွားပေသည်။
ဘုရားရှင် သင်ပေးလိုက်သော ကဗျာလင်္ကာများကို နှုတ်တိုက်ရအောင် သင်ယူကာ ပုဏ္ဏားအိုကြီးသည် ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့၏။ သားလေးယောက်လုံး စုံညီသောအခါ ဤကဗျာ လင်္ကာလေးများကို ရွက်ဆို ပြလိုက်ခြင်းဖြင့် သားလေးယောက်လုံး အထိတ်တလန့်ဖြစ်ကာ ဖခင်ကြီးကို ပြုစုလုပ်ကျွေး ကြရပေတော့သည်။
(ဓမ္မပဒ အဌကထာ၊ နာဂ၀ဂ်၊ ပုဏ္ဏားအိုကြီးနှင့် သားများဝတ္တု)

မှတ်ချက်၊ တောသားလေးဘလော့မှ ကူးယူဖော်ပြခြင်း...