Tuesday, 1 March 2011 By: machitthu

မိဘမေတ္တာသားလိမ္မာ


သာဝတ္ထိပြည် သာဝတ္ထိမြို့မှာ အသပြာရှစ်သိန်း ချမ်းသာတဲ့ ပုဏ္ဏားလင်မယား ရှိပါတယ်။ သူတို့မှာ သားလေးယောက် ဖွားမြင်ပါတယ်။ အချိန်တန် အရွယ်ရောက်တော့ သားတစ်ဦးစီကို မိဘတို့ ၀တ္တရားနဲ့အညီ ငွေအသပြာ တစ်သိန်းစီ ပေးပြီးအိမ်ထောင် ရက်သားချ ပေးလိုက်တယ်။ ဒီလိုနဲ့ တစ်နေ့ ပုဏ္ဏားမ ကွယ်လွန်သွား တဲ့အခါ ပုဏ္ဏားကြီးမှာ ငွေအသြာ လေးသိန်းနဲ့ တစ်ဦးတည်း ကျန်နေခဲ့တယ်။ ဒီအခါမှာ သားလေးယောက်နဲ့ ချွေးမလေးယောက်က ငါတို့အဖေက အထီးကျန်နေပြီ သူသာနောက်မိန်းမ ထပ်ယူရင် အခုကျန်နေတဲ့ ငွေအသပြာ လေးသိန်း ငါတို့ရမှာ မဟုတ်ဘူး ၊ အဖေကို အခုလိုသေးမရှိ ပြုစုလုပ်ကျွေးရင် ဒီအသပြာတွေ ရနိုင်တယ်ဆိုပြီး တိုင်ပင်ပြီး ပုဏ္ဏားကြီးကို လုပ်ကျွေးကြပါတယ်။ စိတ်ထဲက မိဘကျေးဇူးကို သိတတ်လို့ ပြုစုတာ မဟုတ်ဘဲ ပုဏ္ဏားကြီးဧ။် အသပြာ မျက်နှာကြောင့်သာ လုပ်ကျွေးကြတာပါ။

ဒီလိုနဲ့ ပုဏ္ဏားကြီး ယုံလောက်တဲ့ တစ်နေ့မှာ သားတွေက ပြောပါတယ်။ အဖေ.. အဖေက အသက်ကြီးပြီ စီးပွားရေးလဲ မလုပ်နိုင်တော့ဘူး။ အဖေကိုလည်း တစ်ယောက်ထဲ ထားရတာ စိတ်မချဘူး၊ ဒီတော့ သားလောက်အိမ်မှာ တယောက်တလှည့် လိုက်နေပါ။ အဖေပိုင်တဲ့ အသပြာ လေးသိန်းကိုလဲ သားတို့ စီးအပွားအတွက် ခွဲဝေပေးပါလို့ ဖခင်ပုဏ္ဏားဆီမှာ အမွေတောင်းပါတယ်။ ပုဏ္ဏားကြီးကလည်း အော်..ငါ့သားတွေချွေးမတွေက တော်လိုက်၊လိမ္မာလိုက်တာ။ င့ါအပေါ်မှာလဲ အင်မတန် လိမ္မာရေးခြားရှိပြီး ပြုစုကြတယ် ဆိုပြီးသူ့မှာ ကျန်နေတဲ့ ငွေလေးသိန်းကို တစ်ယောက် တစ်သိန်းစီ သားလေး ယောက်ကို ခွဲဝေပေးပါတယ်။ ပုဏ္ဏားလည်းပဲ သားတွေအိမ်မှာ လိုက်နေပါတယ်။

အမွေတွေရပြီး တစ်လလောက် ကြာတော့ သားကြီးကဆူပူ ချွေးမက ငြူစူတော့ သားလတ်အိမ်ကို သွားနေခဲ့ပါတယ်။ သားလတ်ကဆူပူ မိန်းမက ငြူစူပြန်တော့ နောက်သားတစ်ယောက် အိမ်ကိုပြောင်းနေရ ပြန်ပါတယ်။ နေစရာ အားကိုးစရာ မရှိတော့ ဆွေမျိုးတွေကလည်း လက်မခံ ကြပြန်ဘူး။ ဒီလိုနဲ့ အိမ်အဆင့်ဆင့် ပြောင်းပြီးနေ ခဲ့ရာမှာ နောက်ဆုံး အားကိုးစရာ နေစရာ မရှိတော့ ပုဏ္ဏားအဖိုးအိုကြီး လေလွင့်ပြီး မြို့တကာ ရွာတကာ မှာတောင်းရမ်း စားသောက်ပြီး နေခဲ့ရပါတယ်။

တစ်နေ့မှာ ပုဏ္ဏားကြီး စဉ်းစားတယ်။ သာဝတ္ထိမြို့မှာ လူတွေကို ကြင်နာသနားတတ်၊ အားကိုးစရာ ပေးတတ်တဲ့ ရဟန်းဂေါတမ ရှိတာပဲ။ ငါလည်း အားကိုးစရာများ ရလိုရငြား သွားဦးမှပဲ လို့ဆိုပြီး မြတ်စွာဘုရားထံ ရောက်ရှိလို့ လာခဲ့ပါတယ်။ မြတ်စွာဘုရားထံ ရောက်တော့ ပုဏ္ဏားအဖိုးကြီးက သူ့ဘ၀ဇာတ်ကို ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ ဒီတော့ မြတ်စွာဘုရားက ပုဏ္ဏားကြီးကို သနားသွားပြီး ဂါထာလေးပုဒ် သင်ပေးလိုက်ပါတယ်။

ပုဏ္ဏား၊ သင် ဒီဂါထာလေးပုဒ်ကို အရဆောင်ထားပါ။ ပုဏ္ဏားပွဲလမ်းသဘင် အစည်းအဝေး ကျင်းပတဲ့အခါ ပုဏ္ဏားများစွာ တတ်ရောက်လာ ပါလိမ့်မယ်။ သင့်သားလေးယောက်လဲ ဒီအစည်းအဝေးပွဲမှာ တတ်ရောက်လာပါမယ်။ အဲဒီအခါ သင်ဒီဂါထာလေးပုဒ်ကို ပရိသတ်ရှေ့မှာ ဆိုပြလိုက်ပါလို့ ဟောကြားလိုက်ပါတယ်။ ပုဏ္ဏားလည်း အစည်းအဝေးပွဲ ရောက်ရှိလာတဲ့ အခါကြတော့ အို..ပရိသတ်အပေါင်း ပုဏ္ဏားတို့ အကျွန်ုပ် အကြောင်းကို ခဏလောက် ပြောခွင့်ပြုပါ။ အကျွန်ုပ်ကို ရဟန်းဂေါတမ သင်ပေးလိုက်တဲ့ ဂါထာလေးပုဒ်ကို ဆိုခွင့်ပြုပါလို့ ခွင့်တောင်းပြီး ဂါထာလေးပုဒ်ကို ပြောပြပါတယ်။

နံပါတ်တစ်ဂါထာရဲ့ အဓိပ္ပာယ်ကတော့ အကျွန်ုပ်မှာ သားလေးယောက် ဖွားမြင်ပါတယ်။ ဒီသားတွေကို မိဘတို့ ၀တ္ထရားနဲ့ အညီပြုစု စောင့်ရှောက် ခဲ့သော်လည်း ငါအသက်အရွယ် ကြီးလာတော့ ခွေး၊နွား၊၀က်တို့ကို နှင်ထုတ်သလို ငါ့အားမောင်းထုတ်တယ်။ ငါ့သားတွေဟာ ခွေးထက်မိုက်တဲ့ သားတွေပါတကား။

နံပါတ်နှစ် ဂါထာရဲ့ အဓိပ္ပာယ်ကတော့ ငါ့မှာအသပြာ ရှိတုန်းတော့ ငါ့အားချိုသာစွာ ဆက်ဆံတယ်။ မိဘဆီက အမွေတောင်း ပြီးတဲ့အခါကျ နောက်ထပ် ရလမ်းမမြင်တော့ ငါ့အား ငေါက်ငမ်းဆူပူ လိုက်ကြတာ ငါ့သားလေးယောက်ကို သရဲစီး ဘီလူးစီးနေတဲ့ သူများလို့တောင် ထင်မိပါတယ်။

နံပါတ်သုံး ဂါထာရဲ့ အဓိပ္ပာယ်ကတော့ အသက်အရွယ် အိုမင်းကြီးရင့်တဲ့ ငါ့အား နွားအို ကျွဲအိုကြီးတွေကို ခိုင်းမကောင်းလို့ အစာရေစာ မကျွေးဘဲ ချောင်ထိုးထားသည့် တရစ္ဆာန်လို ပစ်ထားကြပါတယ်။ အားကိုးစရာ မရှိတဲ့ ငါ့မှာ မြို့တကာ လှည့်လည်ပြီး တောင်းရမ်းစား သောက်ရတဲ့ ဘ၀ရောက် နေရပါတယ်။

နံပါတ်လေး ဂါထာရဲ့ အဓိပ္ပာယ်ကတော့ အို...ပရိတ်သတ် အပေါင်းပုဏ္ဏားတို့ ငါ့မှာ လမ်းလျှောက်လျှင် အားကိုးစရာ တောင်ဝှေးတစ်ချောင်းရှိပါတယ်။ ဤတောင်ဝှေးသည် ငါလမ်းလျှောက်လျှင် ခွေးဟောင်ခြင်း၊ နွားမောင်းခြင်း၊ချုံထဲမကျ ရောက်အောင်နှင့် ခလုတ်ကန် သင်းများကို ကူညီရှင်းလင်း ပေးပါတယ်။ ငါဧ။်ရင်မှ ပေါက်ဖွားလာသော ရင်နှင့်သည်းချာ သားလေးယောက် ရှိသော်လည်း ဖခင်ဖြစ်သူ ငါ့အပေါ်မှာ စော်ကားမိုက်ရိုင်း လိုက်ပုံများ တောင်ဝှေးလောက်တောင် အားမကိုး ရပါတကားလို့ ပုဏ္ဏား အဖိုးအိုက ပရိသတ်တွေကို ရင်ဖွင့်ပြပါတယ်။

ဒီအခါမှာ ပရိသတ်တွေက ပုဏ္ဏားကြီးကို သနားလာ ကြပါတယ်။ အဲဒီခေတ်က ဗြဟ္မဏ ၀ါဒမှာ မိဘဆီက အမွေယူပြီး ပြန်လည်မပြုစု မလုပ်ကျွေး ဘူးဆိုရင် အဲဒီသူကို သတ်တဲ့ဥပဒေ ရှိပါတယ်။ ဒီတော့ သားလေးယောက်က ပုဏ္ဏားကြီးဆီလာပြီး အဖေ သားတို့ကို ခွင့်လွတ်ပါ၊ သားတို့ မှားပါပြီလို့ မျက်ရည်စက်လက် နဲ့အသနားခံ ၀န်ချတောင်းပန် ကြပါတယ်။ သားဆိုးသမီးဆိုးတွေကို ပစ်ရိုးထုံးစံ မရှိတဲ့ မိဘဖြစ်တဲ့ ပုဏ္ဏားကြီးက မကြည့်ရက်တော့ သတ်မယ် လုပ်နေတဲ့ ပုဏ္ဏား ပရိသတ် များကိုလည်း ပုဏ္ဏားအဖိုးကြီးမှ ကျွန်ုပ်ဧ။် သားများဟာ တကြိမ်တခါ မှားကြတာမို့ ခွင့်လွတ်ပေးပါရန် တောင်းပန်ပေးပါတယ်။

ဒီအခါမှာ ပုဏ္ဏားများက အဖကို လုပ်ကျွေးပါ။ နောက်တခါ ဒီလိုမျိုး ထပ်ဖြစ်ရင် အသင်တို့ကို သတ်ရပါ လိမ့်မည်လို့ ပြောဆိုသတိ ပေးလိုက်ပါတယ်။ ဒီမှာ သားလေးယောက်က ပုဏ္ဏားအဖိုးကြီးကို အိမ်ပြန်ခေါ် သွားပါတယ်။ ရေမိုးချိုးပေး၊ အမွေးနံသာတွေ လိမ်းကျံပေးပြီး ခြေဆုပ်လက်နယ် ပြုလုပ်ပေးပါပြီး ဇနီးမယား၊ သားသမီးတွေကို ဖခင်ဖြစ်သူ ပုဏ္ဏားကြီးအား လုပ်ကျွေးပြုစုဖို့ သေသေချာချာ မှာကြားကြပါတယ်။

နေ့စဉ် သားတစ်ယောက်ဆီက ဆွမ်းအုပ်တအုပ်ပို့တော့ ဆွမ်းအုပ်လေးအုပ်နဲ့ ချမ်းသာနေတဲ့ ပုဏ္ဏားကြီးက စဉ်းစားတယ်။ ငါအခုလို စိတ်ချမ်းသာ လူချမ်းသာ ဖြစ်သာ ရဟန်းဂေါတမရဲ့ ကျေးဇူးတော် ကြောင့်ဆိုပြီး မြတ်စွာဘုရားကို ဆွမ်းအုပ်နှစ်အုပ် ဆပ်ကပ်လှူ တန်းပါတယ်။

တစ်နေ့ သားကြီးဖြစ်သူက အလှူအတန်း လုပ်ချင်တော့ ဖခင်ပုဏ္ဏားနဲ့ တိုင်ပင်တယ်။ ဒီတော့ ပုဏ္ဏားက ဗြဟ္မဏတွေကို မလှူချင်ဘူး အဖေကတော့ မြတ်စွာဘုရား ဂေါတမကိုသာ လှူချင်ပါတယ် လို့ဆိုတော့ မြတ်စွာဘုရားကို ဆွမ်းကပ်လှူဒါန်း ကြပါတယ်။ ပုဏ္ဏားက အရှင်ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ယခုတပည့်တော်ရဲ့ သားလေးယောက်ဟာ လိမ္မာသိတတ်ပြီး ပြုစုလုပ်ကျွေးခြင်းကြောင့် တပြည့်တော်ဟာ ယခုဆိုရင်ဖြင့် ချမ်းသာစွာ နေရပါတယ်လို့ ဘုရားအား လျှောက်ထားပါတယ်။

သားလေးယောက်နဲ့ ချွေးမလေးယောက်ကိုလည်း မြတ်စွာဘုရားက ချစ်သားတို့ အသင်တို့သည် မိဘကို ပြုစုလုပ်ကျွေးခြင်းဖြင့် ကောင်းမြတ်သော မင်္ဂလာအမှုကို ပြုလုပ်လေသည် ဆိုပြီး မိဘကို ပြုစုလုပ်ကျွေးတဲ့ တရားတော်ကို ဟောကြားတော် မူပြန်ပါတယ်။ နောက်ဆုံးမှာ ပုဏ္ဏားအဖိုးကြီးနဲ့ သားသမီးချွေးမတို့ အရိယာ သောတပန် ဖြစ်ကုန်ကြပါတယ်။

လောကမှာ ဘယ်နေရာ၊ ဘယ်ဒေသ ရောက်ရောက် ဘယ်အရွယ်ပဲ ရောက်ရောက် မမေ့သင့် အမေ့အပ်တဲ့ အရာငါးမျိုး ရှိပါတယ်။ အဲဒါကတော့ ဘယ်အရာနှင့်မျှ နှိုင်းယှဉ်လို့ မရတဲ့ အနန္တအနန္တ ငါးပါးဖြစ်ပါတယ်။ အဲဒီကျေးဇူးတွေကို အခါအခွင့် သင့်ရင်သင့်သလို ဆပ်ရပါမယ်။ မိဘဆရာ သမားတွေရဲ့ ဂုဏ်ကျေးဇူးဟာ နှိုင်းမရအောင် ကြီးမားလွန်းပါတယ်။ လောကမှာ ကျေးဇူးဆပ်လို့ မကျေနိုင်တာ အဖေနဲ့ အမေရဲ့ ကျေးဇူးတွေပါ။ ဘယ်သားသမီးကမျှ ကျေအောင်မဆပ် နိုင်ကြသေးပါဘူး။ ဒါကြောင့် မြတ်စွာဘုရားက မိဘကျေးဇူးကို တရားနှင့်သာ ကျေအောင်ဆပ်လို့ ရပါတယ်လို့ ဟောကြားထားပါတယ်။

သဒ္ဒါတရား၊ သီလတရား၊ ဒါနတရား၊ ပညာအရာမှာ အားနည်းနေတဲ့ မိဘတွေကို သဒ္ဒါတရား တွေရှိလာအောင် သီလတရားတွေ ရှိလာအောင်၊ ဒါနတရားတွေ ရှိလာအောင်၊ ပညာဥာဏ် အရာမှာ အားနည်းနေတဲ့ မိဘတွေကို တရားနဲ့ ဆုံဆည်းနိုင်အောင် သားသမီးတွေက စီစဉ်ဆောင်ရွက် ကျေးဇူးဆပ် ပေးသင့်ပါတယ်။

မြေးမြစ်တွေကို ထိန်းခိုင်းပြီး အိမ်မှာပဲ အချိန်ကုန် မနေစေဘဲ မိဘတွေကို ကျောင်းကန်ဘုရား သွားနိုင်လာအောင် ၊သွားချင်လာအောင်၊ တရားရှာ ရမယ့်အရွယ်မှာ တရားနဲ့ပုတီးနဲ့ နေနိုင်အောင် သားသမီးတွေက စီမံဆောင်ရွက် ပေးရင်ဖြင့် မိဘတွေကို သဒ္ဒါနဲ့ ကျေးဇူးဆပ် တယ်လို့ မြတ်စွာဘုရားက ဟောကြားပါတယ်။

ကိုယ်ကျင့်သီလ နည်းနေတဲ့ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ အမေမိဘ၊ ဥပုတ် မစောင့်နိုင်တဲ့ အမေမိဘတွေကို ဥပုတ်စောင့်နိုင်အောင် သီလတွေ လုံခြုံနိုင်အောင် စောင့်နိုင်ဖို့ သားသမီးတွေက ကျောင်းကန်ဘုရား ပို့ပေးပြီး သီလစောင့် တည်နိုင်အောင် စီမံဆောင်ရွက်ကာ သီလနှင့် ကျေးဇူးဆပ်လို့ ရပါတယ်လို့ မြတ်စွာဘုရားက ဟောကြားပါတယ်။

အသက်အရွယ် ကြီးလာတဲ့ မိဘတွေက သားသမီးကို ပြန်အားကိုး ရပါတယ်။ ဒီတော့ သားသမီးတွေက အမေမိဘကို မပေးကမ်း ဘူးဆိုရင် မိဘတွေက လှူစရာ တန်းစရာ မရှိကြတော့ ဒါနလုပ်လို့ မရပါဘူး။ဒီတော့ သားသမီးတွေက မိဘလက်ထဲကို လှူဖို့ တန်းဖို့ အတွက် ဘယ်နေရာမှာဖြင့် ကျောင်းဆောက်နေပါတယ် ဘယ်နေရာမှာဖြင့် ဘုရားတည် နေပါတယ် ဆိုပြီး အမေ အဖေ တို့အတွက် သံသရာ ရိက္ခာထုတ် ထုတ်ကြပါ ဆိုပြီးမိဘအတွက် နေ့စဉ်ဒါန ပြုတတ်အောင် ပြုနိုင်အောင် လှူနိုင်၊ တန်းနိုင်အေင် ပုံမှန်ကုသိုလ် ကောင်းမှုတွေ လုပ်နိုင်အောင် သားသမီးက ဆောင်ရွက်ပေးရင်ဖြင့် စာဂ(ဒါန)နှင့် ကျေးဇူးဆပ်ခြင်း ဖြစ်ပါတယ်လို့ ဟောကြားပါတယ်။


ကျောင်းကန်ဘုရား မသွားနိုင်တဲ့ မိဘ၊ တရားအားမထုတ်ရသေးတဲ့ မိဘတွေကို ကျောင်းကန်ဘုရား ပို့ပြီးတော့ အမေ၊အဖေ ဘယ်နေရာမှာ တရားပွဲ ရှိပါတယ် အမေတို့ အဖေတို့ တရားသွားနာပါ ဆိုပြီး သားသမီးတွေကသေသေချာချာ လိုက်ပို့ပေးရမယ်။ တရားစခန်းပွဲ ရှိတယ်ဆိုလျှင်လည်း မိဘတွေ အေးအေးဆေးဆေး တရားအား ထုတ်နိုင်အောင် စီမံဆောင်ရွက် ပေးရင်ဖြင့် ပညာနဲ့ ကျေးဇူးဆပ် ခြင်းဖြစ်ပါတယ် လို့ဟောကြားပါတယ်။

မိဘတွေကို သဒ္ဒါ၊သီလ၊စာဂ၊ပညာ ဆိုတဲ့လေးမျိုးနဲ့ ဆပ်ရင်ဖြင့် မိဘကျေးဇူး ကျေပါတယ်လို့ မြတ်စွာဘုရားက ဟောကြားထားတာပါ။ မိဘအသက် ရှိစဉ်မှာ ပစ်ထားကြပြီး သေသွားမှ မျက်ရည်ကျပြ မနေပါနဲ့။ အဲဒါဆို တန်ဖိုးမရှိတဲ့ သားသမီးတွေ ဖြစ်သွားပါလိမ့်မယ်။ မိဘကျေးဇူးကို မဆပ်နိုင်ရင် နေပါ၊ ကျေးဇူးတော့ မကန်းသင့်ပါ။ ဒါကြောင့် အဖကို လက်ဝဲပုခုံးပေါ်တင် အမိကို လက်ယာပုခုံးခေါ် တင်ပြီးလုပ်ကျွေး ပြုစုတာတောင် မိဘကျေးဇူးကို ကျေအောင်မဆပ်နိုင် သေးပါဘူးတဲ့။

ယူဇနာ နှစ်သိန်းလေးသောင်း ထုတည်ရှိတဲ့ မဟာပထ၀ီမြေကြီး ဘယ်လောက်ပင် ထူပါတယ် ပြောပြော မိဘဂုဏ်ကျေးဇူးနဲ့ နှိုင်းယှဉ်ရင် ၀ါးရွက်လောက်ပဲ ရှိပါတယ်။ ယူဇနာ ရှစ်သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင့်မိုရ်တောင်လည်း မိဘကျေးဇူးနှင့် နှိုင်းစာလျှင် နွားဦးချိုလောက်ပဲ ရှိပါတယ်။စကြာဠာ အနန္တ ဘယ်လောက်ပင် ကျယ်ကျယ် မိဘမေတ္တာ ကျေးဇူးများနှင့် နှိုင်းယှဉ်လျှင် အပ်နဖားပေါက် လောက်လေးပဲ ရှိပါတယ်။ ဘယ်၍ဘယ်မျှ ရှိတယ်လို့ သမုဒ္ဒရာလေးစင်းမှ စီးဆင်းတဲ့ ရေများကို တိုင်းတာလို့ မရသလိုပဲ သမုဒ္ဒရာမှာ စီးဆင်းတဲ့ ရေများကို မိဘကျေးဇူးများနှင့် နှိုင်းယှဉ်လျှင်လည်း မိုးရေစက် တစ်ပေါက်လောက်ပင် ရှိပါတယ်တဲ့။

မိဘနှစ်ဖြာ၊ရှိလေရာ
ဘယ်ခါ မမေ့အပ်
အခွင့်သင့်ကာ တတ်နိုင်ရာ
မှန်စွာကျေးဇူးဆပ်
မဆပ်နိုင်ဘူး ထားလိုက်ဦး၊
ကျေးဇူး မကန်းအပ်။
မဆပ်ခြင်းထက် ကျေးစွပ်ချက်
ဆထက်ဆိုးသည်မှတ်။

လို့ဆိုတဲ့ မိဘမေတ္တာ သားလိမ္မာ တရားတော်ကို နာကြားပြီး ပြန်လည်ရေးသား လိုက်ပါတယ်။မိဘကို လုပ်ကျွေးသော သူသည် ပစ္စုပ္ပန်မှာလည်း အသက်ရှည် ကျန်းမာပြီး သွားလေရာမှာ မျက်နှာပွင့်ပါတယ်၊ ဘေးအန္တာရယ်ဆိုးများ ကျရောက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။လူ၊နတ် ချစ်ခင်ပြီး သာဝတ္တံနတ်ပြည်က သိကြားမင်းကတောင် နေ့စဉ်ရှစ်ခိုး ရပါတယ်နော်။


လူသားတိုင်း မိဘဆီက မျှော်ကိုးပြီး ကျေးဇူးဆပ်တာ မဖြစ်စေဘဲ မိဘဧ။် ဂုဏ်ကျေးဇူးကို သိမြင်ပြီး ကျေးဇူးဆပ်နိုင်လို့ သားလိမ္မာ သမီးလိမ္မာ ဘ၀ကို ပိုင်ဆိုင်ရရှိ နိုင်ကြပါစေ။တကယ်တော့ ဒီပို့စ်လေးကို မက်မက်ရဲ့ ရင်ထဲမှာ နေ့စဉ်နေ့တိုင်း ကျရောက်နေတဲ့ အမေများနေ့ အဖေများနေ့ ကိုရည်မှန်းပြီး နာကြားခဲ့ရတဲ့ တရားတော်ကို ပြန်လည်ရေးသား ပေးလိုက်တာပါ။

အိပ်မက်ချစ်သူ ဘလော့မှ ...

0 comments:

Post a Comment