Tuesday 1 March 2011 By: machitthu

“တုနှိုင်းမဲ့ မိဘမေတ္တာ”

မိဘရဲ့မေတ္တာကို…
ကောင်းကင်က လမင်းကြီးနဲ့ မနှိုင်းပါနဲ့
မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။
လမင်းကြီးမှာ လသာရက် လမိုက်ရက်ဆိုတာ ရှိပေမယ့်
မိဘနှစ်ပါးမှာတော့…
မေတ္တာကင်းတဲ့ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို…
တောတောင် လျှိုမြှောင်ကြားက စမ်းရေနဲ့ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့ မတူနိုင်ပါဘူး။
စမ်းရေဟာ တစ်ခါတစ်ရံမှာ ခမ်းခြောက်သွားတတ်ပေမယ့်
မိဘနှစ်ပါးရဲ့ မေတ္တာတွေကတော့…
ဘယ်တော့မှ ခြောက်ခမ်းမသွားနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို…
သိပ်လှတဲ့ ပန်းပွင့်လေးတွေနဲ့လဲ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့လဲ မတူနိုင်ပါဘူး။
ပန်းတွေဟာ မကြာမီမှာ နွမ်းခြောက်သွားတတ်ကြပေမယ့်
မိဘရဲ့ ရင်တွင်းက မေတ္တာပန်းပွင့်တွေကတော့
ဘယ်တော့မှ နွမ်းခြောက်မသွားနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို…
သိပ်လုံခြုံတဲ့ အိမ်လေးတွေနဲ့လဲ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ အိမ်လေးတွေနဲ့လဲ မတူနိုင်ပါဘူး။
အိမ်လေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ
အိုမင်းယိုင်နဲ့သွားတတ်ကြပေမယ့်
မိဘနှစ်ပါးရဲ့ မေတ္တာတရားတွေကတော့
ဘယ်တော့မှ ဘယ်တော့မှ အိုမင်းမသွားကြလို့ပါပဲ။

0 comments:

Post a Comment